ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

စစ်အစိုးရ၏ လူထုတိုက်ပွဲအပေါ် အကြမ်းဖက်ဖြိုခွင်းမှုများအား ပြည်သူများ
ခုခံတွန်းလှန် ကာကွယ်ပိုင်ခွင့် ရှိရမည်
 

ဗမာပြည်ကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများစာရင်းထဲရောက်အောင် တွန်းပို့ခဲ့သည့် တရားခံများမှာ စစ်အာဏာရှင်များ ဖြစ်သည်။ ၄င်းတို့ စစ်အာဏာရှင်စနစ် ကျင့်သုံးကြ၍ တိုင်းပြည်အခြေအနေ ယနေ့အထိ နလံမထူနိုင်အောင် ဘက်ပေါင်းစုံ ဆုတ်ယုတ်ယိုယွင်းနေရသည်၊၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်လေ တိုင်းပြည်၏ ဆင်းရဲကြပ်တည်းမှု နက်ရှိုင်းလေ ဖြစ်နေမည်မှာ သေချာသည်။ တိတိကျကျ ပြောရလျှင် စစ်တပ်က တိုင်းပြည်၏ နိုင်ငံရေးအာဏာကို မတရားသိမ်းပိုက်ကာ အုပ်ချုပ်စီမံခန့်ခွဲ၍ စီရင်ဆုံးဖြတ်နေသည့် ပြဿနာပင်ဖြစ်သည်။

ဤသို့ စီမံခန့်ခွဲ အုပ်ချုပ်နိုင်ရန် အာဏာပိုင် စစ်ဗိုလ်ချုပ်ကြီးတစုသည် စစ်တပ်နောက်ခံပြု၍ တိုင်း ပြည်၏ သဘာဝသယံဇာတမှအစ စီးပွားရေးဘဏ္ဍာရေး လုပ်ငန်းမှန်သမျှ လက်ဝါးကြီးအုပ် ချုပ်ကိုင် ထားကြသည်၊၊ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသည့် တပြည်လုံး၏ စီးပွားရေး အသက်သွေးကြော များ စီမံခန့်ခွဲကြရာတွင် ပြည်သူလူထုအကျိုး ဦးထိပ်မထားဘဲ ၄င်းတို့ကိုယ်ကျိုးစီးပွားနှင့် စစ်အာ ဏာ တည်မြဲရေးအတွက်သာ အဓိကထား လုပ်ဆောင်နေကြသည်။ ထိုကြောင့် စစ်အာဏာရှင်စနစ် ရှင်သန်၍ စစ်ဗျူရိုကရက်ယန္တယား ကျယ်ပြန့်ကာ စစ်အစိုးရ ခိုင်မြဲနေခြင်းဖြစ်သည်၊၊

စစ်အစိုးရ ခိုင်မြဲနေသည်နှင့်အမျှ ဗျူရိုကရက်အရင်းအနှီး ကြီးထွားစုပုံလာပြီး အာဏာပိုင် စစ်ဗိုလ် ချုပ်ကြီးမျာနှင့် သားသမီးများ၊ သမက်များ၊ ရွှေမျိုးများ စသည့် အာဏာရအသိုင်းအဝိုင်းများသာ သုံးမကုန် ဖြုန်းမကုန်အောင် ကြီးပွားချမ်းသာလာကြသည်၊၊ ထိုကဲ့သို့ ဖအေက စစ်ဗိုလ်ချုပ်ကြီး၊ သားသမီးနှင့် သမက်များက စီးပွာရေး လုပ်ငန်းရှင်ကြီးများအဖြစ် လုပ်ခင်းကိုင်ခင်းများ ပိုင်ဆိုင် ချမ်းသာလာကြသည်နှင့်အမျှ ပြည်သူလူထု အများတကာ အများစုကြီးမှာ အလုပ်အကိုင်ရှားပါးမှု များကြောင့် ဝင်ငွေနိမ့်ကျ၍ ဆင်းရဲကြပ်တည်းမှုဒဏ် အလူးအလဲ ခံကြရတော့သည်၊၊ ပြည်သူလူထု အတွက် ဘဝအာမခံချက် မရေမရာဖြစ်မှု အချိန်ကြာလေ နက်ရှိုင်းလေဖြစ်လာရသည်။ ဒါ့ကြောင့် မြန်မာပြည်သားများ ပြည်ပထွက် အလုပ်အကိုင်ရှာဖွေရသည့်အခြေအနေ ယခုအချိန်အထိ တနေ့ တခြား တိုးများလာနေသည့်အဖြစ်ကို မည်သူမျှမငြင်းနိုင်ပေ။

စစ်အာဏာရှင်စနစ် ကျင့်သုံးရေးနှင့် စစ်ဗျူရိုကရက်အရင်းအနှီး စုဆောင်းရေး အကျိုးတူဖြစ်နေ သကဲ့သို့ စစ်အာဏာဆက်လက်ဆုပ်ကိုင်ရေး၊ စစ်အစိုးရတည်မြဲရေး၊ စစ်အာဏာပိုင်များနှင့် ရွှေမျိုးသားချင်း နောက်လိုက်များ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ထိမ်းသိမ်းရေး အကျိုးစီးပွား တထပ်တည်းဖြစ်နေသည်။ ဤအတွက် နအဖစစ်အုပ်စုသည် အာဏာလက်မလွတ်ရေး အခြေခံ ပြင်ဆင်မှုများ ဦးစားပေး လုပ်ဆောင်လာတော့သည်။ ပြဿနာတိုင်းကို စစ်ရေးအမြင်ဖြင့် ချဉ်းကပ် လုပ်ဆောင်နေသည့် စစ်အာဏာပိုင်တစုသည် တိုင်းပြည်၏ ဘဏ္ဍာငွေကြေးများ မဆင်မခြင်သုံးစွဲ၍ ပျဉ်းမနားကြပ်ပြေးသို့ ၎င်းတို့အသိုက်အအုံ ပြောင်းရွှေ့နေရာယူနေကြခြင်းသည်လည်း စစ်အာဏာ ရှင်စနစ် ဆက်လက်ကျင့်သုံးရေး ပြင်ဆင်လုပ်ဆောင်မှုတခု ဖြစ်သည်။

ဤကဲ့သို့ ၎င်းတို့အကျိုးစီးပွား ကာကွယ်ရေးနှင့် အာဏာဆက်လက်ဆုပ်ကိုင်ရေး ဖြစ်စဉ်တွင် ဦးစွာ ပထမ ပြည်သူလူထု၏ ဒီမိုကရေစီအခွင့်အရေးနှင့် နိုင်ငံရေးလုပ်ပိုင်ခွင့်များ ချုပ်ချယ်ကန့်သတ် ဖျက်သိမ်းပစ်သည်၊၊ ဖျက်သိမ်း ခံရသည့် ဒီမိုကရေစီ အခွင့်အရေးမျာနှင့် နိုင်ငံရေးလုပ်ပိုင်ခွင့်များ ပြန်လည်ရရှိရေးအတွက် ပြည်သူလူထု၏ တိုက်ပွဲများ နည်းအမျိုးမျိုးဖြင့် ပေါ်ထွက်လာသည်။ ဤပြည်သူ့တိုက်ပွဲများအား စစ်အာဏာရှင်များသည် လက်နက်ကိုင်တပ်ကို အသုံးပြုကာ ၎င်းတို့က စတင်၍ အကြမ်းဖက်သည့်နည်းဖြင့် သတ်ဖြတ်နှိပ်ကွပ်ပစ်သည်၊၊ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်း ပြီး လအနည်ငယ်အတွင်း ၇ ရက်ဂျူလိုင် ကျောင်သားလှုပ်ရှာမှုအား အာဏာရှင် ဦးနေဝင်း နှိပ်ကွပ် ခဲ့သည့် သွေးထွက်သံယိုဖြစ်ရပ်ဆိုးသည် သမိုင်းတွင်သည့် အကြမ်းဖက်မှု အမဲစက်ကြီးတခု ဖြစ်သည်။

၎င်းနောက်တွင် စစ်အာဏာရှင်များသည် အတောမသတ်နိုင်သော သွေးထွက်သံယို အကြမ်းဖက်မှု ပေါင်း မြောက်များစွာ ကျူးလွန်ကြတော့သည်။ ကျောင်းသားများအား ပစ်သတ်သည့်နည်းတူ ဆန် တောင်းသည့် ရခိုင်ပြည်သူများ၊ အလုပ်သမားအခွင့်အရေး တောင်းဆိုသည့် အလုပ်သမာများ စသည်တို့ကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။ ရှစ်လေးလုံး အရေးတော်ပုံကြီးကဲ့သို့ တပြည်လုံး လူထုအုံကြွမှုကြီးကို သွေးချောင်းစီး အကြမ်းဖက်ြဖိုခွင်းခံရမှု သွေးမအေးနိုင်ကြသေးမီမှာပင် ၂ဝဝ၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင်လည်း ရဟန်းသံဃာတော်များပါ သတ်ဖြတ်သည်အထိ ကျူးလွန် ယုတ်မာကြသူများ ဖြစ်သည်။ တောင်တန်းဒေသ လူမျိုးစုပြည်သူများအပေါ် ဖိနှိပ်သတ်ဖြတ်နေမှု သည်လည်း ပြည်တွင်းစစ်တလျှောက်လုံးဖြစ်သည်၊၊ စစ်အာဏာပိုင်များ အသတ်အဖြတ်မခံရသည့် လူမှုအဖွဲ့အစည်း မရှိသလောက်ဖြစ်၍ ကမ်းကုန်အောင် မိုက်တွင်းနက်ကြသူများ ဖြစ်သည်။

ထို့အပြင် နိုင်ငံတော်၏ တရားဥပဒေနှင့် အကျဉ်းထောင်များကိုလည်း ၎င်းတို့ကိုယ်ကျိုးအတွက် အာဏာအလွဲသုံးစားပြု၍ ၄င်းတို့နှင့် အမြင်မတူသူများအား ဖိနှိပ်ရေးယန္တယားအဖြစ် အသုံးချနေ သည်။ ဒီမိုကရေစီလိုလားသည့် စစ်အစိုးရအတိုက်အခံ နိုင်ငံရေးအင်အားစုများကို ဥပဒေပုဒ်မ လိုသလိုတပ်၍ မတရား ညှဉ်းပမ်းနှိပ်စက် ထောင်ချမှုတွေ လုပ်သည်၊၊ လက်ရှိအခြေအနေတွင် ပြည်သူ့ဘက်တော်သားများအား ထောင်ဒဏ်နှစ်ရှည် ချမှတ်နေမှုများဖြင့် ပြည်သူ့တိုက်ပွဲများအား စစ်အာဏာပိုင်များက စိမ်ခေါ်လျှက်ရှိသည်၊၊ မြန်မာ့သမိုင်းစဉ်တလျှောက် နအဖစစ်အုပ်စုလောက် စာနာစိတ်ကင်း၍ အညှိုးအတေးထား လုပ်ဆောင်နေသည့် ကောက်ကျစ်မှုမျိုး ရှိခဲ့လိမ့်မည်မထင်ပါ။

ပြည်သူလူထုနှင့် နိုင်ငံရေးအင်အားစုများအပေါ် စော်ကားမောက်မာနေသည့် နအဖစစ်အုပ်စု၏ နောက်ကြောင်းပြန်ကြည့်လျှင် ၎င်းတို့သည် ပြည်တွင်းစစ်နှင့် အဆင့်နေရာ ရလာသူများဖြစ်သည်။ အုပ်စိုးသူလုတစု စတင်ဖန်တီးခဲ့သည့် ပြည်တွင်းစစ်ပေါ်လစီသည် အလွန်ဖောက်ပြန်ပါသည်။ ပြည်သူလူထု၏ ဒီမိုကရေစီလွတ်လပ်ခွင့်နှင့် နိုင်ငံသားတိုင်း၏ နိုင်ငံရေးလုပ်ပိုင်ခွင့်များကို အကြမ်း ဖက် ဖြိုဖျက်၍ နိုင်ငံရေးသမားများအား တောတွင်းမောင်းပို့သော အမျိုးသားသွေးစည်းညီညွတ်ရေး ပြိုကွဲသည့် ပေါ်လစီဖြစ်သည်။ လက်ရှိ နအဖစစ်အုပ်စုသည် ထိုဖောက်ပြန်သည့် ပေါ်လစီကို အမွေ ဆက်ခံထားရုံမျှမက ဖိနှိပ်သတ်ဖြတ်မှုမျိုးစုံ တိုးချဲ့လုပ်ဆောင်နေသူများဖြစ်သည်။ နအဖစစ်အုပ်စု ကိုင်စွဲထားသည့် နိုင်ငံရေးအမြင်သည်လည်း ပြည်တွင်းစစ်တိုက်ရင်း ကျင့်သုံးလာခဲ့ကြသည့် နိုင်ငံရေးအမြင်များသာ ဖြစ်သည်။

ဤဖောက်ပြန်သည့် နိုင်ငံရေးအမြင်သည် ပြည်သူ့ဒီမိုကရေစီရေးအတွက် ခုခံတော်လှန်သူများနှင့် ခုခံတော်လှန်မှုထောက်ခံသည့် ကျေးလက်ပြည်သူများကို လူမဆန်စွာ ရက်ရက်စက်စက် ဖိနှိပ်သတ် ဖြတ်ခဲ့ကြသည့် အမြင်ဖြစ်သည်။ ဤသို့ သွေးအလိမ်းလိမ်း စွန်းထင်းနေသော ရက်စက်သည့်လုပ်ရပ် များကို တက်တက်ကြွကြွ အကောင်အထည်ဖော်ရင်း တွန်းထိုးကျော်လွှား၍ နအဖ ထိပ်သီးကြီး ဗိုလ်သန်းရွှေကိုယ်တိုင် အဆင့်နေရာ ရလာခြင်းဖြစ်သည်။ ထို့ကြောင့် စစ်အာဏာရှင်ကြီးက အခွင့် အခါသင့်တိုင်း အဖျက်သမားချေမှုန်းရေးနှင့် တပ်မတော်တိုးချဲ့ရေး မလွတ်တမ်း ထပ်တလဲလဲ ပြော နေခြင်းဖြစ်သည်၊၊ ၎င်းတို့ခေါင်းထဲမှာ ပြည်သူလူထုအရေးက အဓိကမဟုတ်၊ ၎င်းတို့ဂိုဏ်းအုပ်စု အကျိုး တပ်တိုးချဲ့ အာဏာခွဲဝေယူရေး အဓိကဖြစ်နေသည်။

ဖောက်ပြန်သည့် ပြည်တွင်းစစ်ပေါ်လစီသည် ယခုအခါ ကျေးလက်အခြေခံ ခုခံတော်လှန်သူများကို သာမက မြို့တွေပေါ်ရှိ တရားဝင် အတိုက်အခံ နိုင်ငံရေးပါတီများအပေါ်သို့ပါ အကြမ်းဖက်နှိပ်ကွပ် မှုတွေ နအဖစစ်အုပ်စုက ဆက်တိုက် လုပ်ဆောင်နေပေပြီ။ တပ်မတော်အစဉ်အလာစကားတွေ ပြော ပြီး အခွင့်ထူးလုပ်ပိုင်ခွင့်များ စစ်ဗိုလ်များသာ လုပ်ခွင့်ရှိရမည်ဆိုသည့် သဘောမျိုးဖြင့် အရပ်သား နိုင်ငံရေးသမာများ မလှုပ်နိုင်အောင် ဖိနှိပ်ချိုးနှိမ်၍ ပြည်ပမောင်းပို့နေသည့် အခြေအနေဆိုက်နေ သည်။ တကယ်တမ်း တပ်မတော်ကို အနစ်နာခံ ကိုယ်ကျိုးစွန့် တည်ထောင်ခဲ့ကြသည့် တိုင်းချစ် ပြည်ချစ် နိုင်ငံရေးသမားများ တပ်မတော်တွင်း ရေရှည်တပ်တည်ဆောက်ချိန်မရ ကိုယ်ကျိုးအတွက် အသုံးချခံ တလက်ကိုင် လက်ကိုင်တုတ်တပ်ဖြစ်နေသည့်အချိန်က များသည့် တပ်ဖြစ်သည်။ တပ် တွင်းမှာ ဂိုဏ်းစုမှု အံသေ၍ ခိုင်းတာလုပ်နေသူများ ပြည်သူဖိနှိပ်ရေး လက်မရွံ့သူများ နေရာရနေ ခြင်းဖြစ်သည်၊၊

ထိုကြောင့် အမျိုးသားသွေးစည်းရေး၊ ပြန်လည်ပေါင်းစည်းရေးကို လက်မခံ ငြင်းဆန်နေကြသူများ ဖြစ်သည်။ ပြည်သူဖိနှိပ်ရေး ဖောက်ပြန်သည့် ပေါ်လစီ အရိုးစွဲနေသည့် ဗိုလ်သန်းရွှေအုပ်စုကို စေ့စပ် ဆွေးနွေးရေး လမ်းကြောင်းတခုတည်းသာ လုပ်ဆောင်နေ၍မဖြစ် အပြောင်းအလဲကို ဖော်ဆောင် နိုင်မည့် အဓိကတိုက်ပွဲသဏ္ဌာန်များ အတွက် ပြင်ဆင်လုပ်ဆောင်ကြရမည့် အချိန်ဖြစ်သည်။ နအဖ စစ်အုပ်စုအလိုကျ ရေဆွဲထားသည့် လမ်းပြမြေပုံနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံပဲဖြစ်ဖြစ် ၂ဝ၁ဝ ရွေးကောက် ပွဲပဲပြောပြော စစ်အုပ်စုအာဏာတည်မြဲရေးနှင့် ဒီမိုကရေစီအရေးတော်ပုံ ဖိနှိပ်ရေးများသာဖြစ်သည်။ စစ်အာဏာရှင်များ တည်ရှိနေသရွေ့ အပေါ်ယံ သဏ္ဌာန်လှည့်စားမှုများ လုပ်ပြ၍ အချိန်ဆွဲ ရုန်းကန် နေကြမည်သာဖြစ်သည်။

ပြည်သူလူထုအင်အားဖြင့် ဒီမိုကရေစီအရေးတော်ပုံ အောင်မြင်ရေးအတွက် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးတိုက်ပွဲ လက်တွေ့လုပ်ငန်များ ဇောက်ချလုပ်ဆောင်ကြရန် နိုးဆော်တိုက်တွန်းသည့် တင်ပြချက်များလည်း ပေါ်ထွက်လျှက်ရှိနေပြီ။ နအဖစစ်အုပ်စု၏ လူထုတိုက်ပွဲအပေါ် အကြမ်းဖက် ဖျိုခွင်းနေမှုအား ပြည်သူလူထုမှာ ကိုယ့်ကိုကိုယ် ခုခံတုန့်ပြန် ကာကွယ်ပိုင်ခွင့်ရှိသည်၊ ခုခံတုန့်ပြန် ကာကွယ်ခြင်းသည် တရားသည်၊၊ ဤပြဿနာ ပြည်သူအင်အားစည်းရုံးမှုဖြင့် ပြင်ဆင်မှုရှိရှိ ခုခံတုန့် ပြန်တွန်းလှန်၍ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး ဦးတည်ချက် အောင်မြင်သည်အထိ ဒီမိုကရေစီ ဘက်တော်သားများ တစည်းတလုံးတည်း အတူလက်တွဲ ချီတက်ကြပါစို့။

*****

မာင်စိန်သော်  
၁၄ - ၁၂ - ၂၀၀၈   

 

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.