ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

တော်လှန်သောသဘောတရားရှိမှ တော်လှန်သောလှုပ်ရှားမှုဖြစ်နိုင်သည်

          ၂၀၀၈ ခုနှစ်သည် ရှစ်လေးလုံးအရေးတော်ပုံ အနှစ်နှစ်ဆယ်ပြည့်သည့် နှစ်ဖြစ်သည်။ ဤအရေးတော်ပုံကာလ မွေးဖွားသော သူငယ်များပင် နိုင်ငံရေးမျိုးဆက်တစ်ဆက်အဖြစ် ပေါ်ထွန်း လာပြန်ပါပြီ။ မျိုးဆက်ဟောင်း မျိုးဆက်သစ် လက်တွဲ၍ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတိုက်ပွဲ အတူနွှဲကြရပါတော့မည်။ ဤသို့ဖြင့် ကုန်လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ခရီးကို ငဲ့စောင်း၍ ပြန်ကြည့် လိုက်လျှင် စစ်အစိုးရမှာ အခြေခံကျသော နိုင်ငံရေးပြဿနာကြီးတွေ တစ်ခုမျှ ပြေလည်အောင် မဖြေ ရှင်းနိုင်ပါဘူး။ ထို့အတူ ဒီမိုကရေစီဘက်တော်သားတွေဘက်ကို ပြန်ကြည့်ပြန်လျှင်လည်း သိသာ သည့် နိုင်ငံရေးတိုးတက်မှုများ ဖြစ်ပေါ်အောင် မလုပ်နိုင်သေးဘဲဖြစ်နေပါသည်။ ဤကဲ့သို့ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေသော အခြေအနေကို အသေအချာ သုံးသပ်သင့်သည်ဟု မြင်ပါသည်။ စစ်အစိုးရအနေနှင့် မဖြေရှင်းနိုင်သည့် နိုင်ငံရေးပြဿနာဆိုသည်မှာ စစ်အာဏာရှင်စနစ် ကျင့်သုံးနေ သည်ဖြစ်၍ ပြည်သူလူထုနှင့် ပဋ္ဋိပက္ခဖြစ်နေသည့် အခြေခံပြဿနာဖြစ်သည်။ ဘယ်နည်းနှင့်မျှ ဖြေရှင်းနိုင်မည်မဟုတ်။ စစ်အာဏာရှင်စနစ် ပျက်သုဉ်းမှသာ ပြဿနာဖြေရှင်းနိုင်မှာဖြစ်သည်။

        စစ်အစိုးရသည် အခြေခံကျသော နိုင်ငံရေးပြဿနာ မဖြေရှင်းနိုင်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။ ဖွံ့တိုးတက်မှုမရှိသည့် လူ့အဖွဲ့အစည်းသည် လူမှုရေးပဋ္ဋိပက္ခပေါင်းစုံ ဖြစ်ပေါ်နေမည်မှာ အမှန်ဖြစ်သည်။ လူမှုပဋ္ဋိပက္ခပေါင်းစုံ ဖြစ်ပေါ်နေသည့်အထဲမှာမှ စစ်အစိုးရသည် နိုင်ငံရေးနှင့် ပတ်သက်သည့်အပိုင်းကို အဓိကထား အကြမ်းဖက်နှိပ်ကွပ်သည့်နည်းကို ကျင့်သုံးနေ သည်။ ပြည်တွင်းရှိ နိုင်ငံရေးအတိုက်အခံများကို သူ့လက်ခုပ်ထဲကရေကဲ့သို့ သွန်လိုသွန် မှောက်လို မှောက်နှင့် ဥပဒေမဲ့ ဖမ်းချင်တဲ့အချိန်ဖမ်း။ လွှတ်ချင်သည့်အချိန်လွှတ် လုပ်နေသည်မှာ သိပ် ဗြောင်ကျလွန်းသည်။ သေဆုံးသည်အထိ ညှဉ်းပမ်းနှိပ်စက်မှုများရှိသလို အဖမ်းအဆီးတွေ ဆက်တိုက်လုပ်ဆဲဖြစ်သည်။ NLD ကို ဦးတည်ရန်သူအဖြစ် ချေမှုန်းနေသည်။ စစ်အစိုးရ ဖြေရှင်းမရ နိုင်သည့် နိုင်ငံရေးပြဿနာဆိုသည်မှာ နိုင်ငံရေးအကျဥ်းသားတွေ လွှတ်မပေးရဲသည့် ပြဿနာ၊ ဘာမဟုတ်သည့် အကြောင်းပြချက်နှင့် မတရားညှဉ်းပမ်း ထောင်ချကြသည်။ စစ်အုပ်စုအာဏာသက် နှင့်အမျှ ထောင်ကျခံပေးနေရသည်။

            နောက် ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုရေးပြဿနာ၊ 

           ဖွဲ့စည်းအုပ်ချုပ်ပုံကို စစ်အုပ်စုအလိုကျ အတိုင်းရေးဆွဲအတည်ပြုရေး တစ်ဖက်သတ်လုပ် နေသည့် ပြဿနာ၊

             ငြိမ်းချမ်းရေး အဖွဲ့များပြဿနာ 

စသည့်ပြဿနာကြီးများ စစ်အစိုးရလက်ထက် အနှစ်နှစ်ဆယ်အတွင်း မဖြေရှင်း နိုင်သလို နောင်မှာလည်း သူတို့သဘောအတိုင်း မရိုးမသားနည်းနှင့် အဓမ္မဖြေရှင်းကြမည် ဆိုပါလျှင် လည်း ပြည်သူတွေတောင်းဆိုနေသည့် ဒီမိုကရေစီရေးနှင့် ကြာလေဝေးလေ ဖြစ်သွားမှာဖြစ်ပြီး နိုင်ငံရေးပြဿနာ ဘယ်လိုနည်းနှင့်မျှ ပြေလည်မှုရမှာမဟုတ်ပေ။ ဤသည်မှာ စစ်အုပ်စုနှင့် ပတ်သက်သည့် အပိုင်းဖြစ်သည်။

            ဒီမိုကရေစီသမားများဘက်မှ နိုင်ငံရေးအရ ရှေ့တစ်ဆင့် တက်လှမ်းနိုင်ရန် မလုပ်နိုင်ကြသေးသည့် ပြဿနာ

NLD ပါတီသည် တရားဝင်နေရာရရှိထားသည့် ပါတီဖြစ်သော်လည်း ထိပ်ဆုံးဗဟိုမှနေ အောက်ခြေ အဆင့်ဆင့်ထိ လှုပ်မရအောင် စစ်အုပ်စုက အဆက်မပြတ် ဖြိုခွဲဖမ်းဆီးမှုတွေ အလုပ်ခံနေရသည့် ပါတီ ဖြစ်သည်။ စစ်အာဏာရှစ်စနစ်အောက်မှာ တရားဝင်ဖွင့်ထားသည့် လမ်းကြောင်းက အလွန် ကျဉ်းမြောင်းသည်။ နိုင်ငံရေးအရ ရှေ့တစ်ဆင့်တက်လှမ်းရေး အလွန်ခက်ခဲပေသည်။ နိုင်ငံရေး ပြဿနာ နိုင်ငံရေးနည်းနှင့် ဖြေရှင်းရေး NLD နှင့် နအဖစစ်အုပ်စု နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးရေး ဆိုသည့် ပေါ်လစီသည် သွေးထွက်သံယိုမှုမရှိ ပြဿနာကို ဖြေရှင်းရာမှာ အကောင်းဆုံးနည်းဖြစ် သည်။ ဤနည်းကို စစ်အုပ်စုက လက်မခံ ငြင်းဆန်နေသည်။ NLD မှ ဆွေးနွေးအဖြေရှာရေး ကမ်းလှမ်းနေသည်မှာ မည်မျှကြာနေပြီလဲ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ကိုယ်စားလည်လွှတ် တွေ့ဆုံနေခြင်းသည် ပြည်သူကို လှည့်စားအချိန်ဆွဲနေခြင်းဖြစ်သည်။ တကယ်တမ်း ပြဿနာကို ပြေလည်အောင် ဖြေရှင်းနေခြင်းမဟုတ်ပါ။ ဆွေးနွေးသည့် အကြောင်းအရာလည်း မထုတ်ပြန်၊ အနိမ့်ဆုံး လူလွှတ်ပေးသည့် အဆင့်ကိုလဲမလုပ်။ စစ်အုပ်စုနည်း စစ်အုပ်စုဟန်နှင့် စစ်အာဏာရှင် စနစ် ဆက်ဆုပ်ကိုင်ရေးပြင်ဆင်မှု လုပ်နေခြင်းဖြစ်ပြီး ရိုးသားမှုမရှိသည့် စစ်အုပ်စုလုပ်ရပ်ကို ပြည်သူတွေက မယုံကြည်ပါဘူး။ စစ်အုပ်စုအဖွဲ့ဝင်များသည် ဆွေးနွေးပွဲမလုပ်နိုင်၊ ဆွေးနွေးစရာ မလိုဘူးဟု သူတို့ပါးစပ်ကလည်း ထုတ်ပြောသည်။ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုနေသည့် NLDနှင့် ဒီမိုကရေစီအင်အားစုများအား အကြိမ်ကြိမ် အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်မှုများ ကျူးလွန် နေသည်။ ဒီမိုကရေစီလိုလားသူများကို အကြမ်းဖက် ဖြိုခွင်းရန် ၀န်မလေးသူ၊ ရှေ့မှထွက် အတက် ကြွဆုံး ပြောဆိုထိုးနှက်သူ လက်မရွံ့အာဏာပါးကွက်သား စစ်ဗိုလ်ချုပ်ဆိုသူတွေ ဒီနေ့ နအဖ၏ ၀န်ကြီးချုပ်တို့နေရာတွေပေး၍ ဗိုလ်သန်းရွှေက စုစည်းထားသည်။ စစ်တပ်အတွင်း သဘောထား တင်းမာသူအုပ်စုမှ အာဏာကို အပိုင်စီး၍ တစ်ခုလုံးကို သူတို့ထင်သလို စီစဉ်ညွှန်ကြားနေခြင်းဖြစ်ပြီး စည်းကမ်းရှိတဲ့ဒီမိုကရေစီ ထူထောင်ရေးဟုလည်း မရှက်မကြောက် အော်ဟစ်နေကြသည်။ အချိန် တွေသာကုန် တွေ့ဆုံဆွေးနွေးရေးကို နအဖ အလေးမထား ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး လုပ်မရ ဖြစ်နေသည်။ ဤကာလတစ်လျှောက် ပြည်သူတွေအနေနှင့် သွေး၊ ချွေး၊ မျက်ရည်တွေနှင့် ရင်းနှီးဖြတ်သန်းနေကြရခြင်းဖြစ်သည်။ ထို့ကြောင့် “အကြမ်းမဖက်ရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ရေးဆိုသည့် ပေါ်လစီသည်” ဒီမိုကရေစီရေးတိုက်ပွဲတစ်ခုလုံး၏ အဓိကတိုက်ပွဲသဏ္ဌာန် မဖြစ်စေ သင့်ဘူး။ ဒါမျိုးကို စစ်အုပ်စုက စောင့်ချေမှုန်းပစ်မှာဘဲ။ အကန့်အသတ်နှင့် ဥပဒေတွင်း လှုပ်ရှားရ သလောက် နိုင်ငံရေးလှုပ်ရှားမှုတွေအတွက် တစ်စုံတစ်ရာ အသုံးတည့်ကောင်း တည့်လိမ့်မည် ဖြစ်သော်လဲ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး အဆုံးအဖြတ် မပေးနိုင်ဘူး။ တိုက်ပွဲမပါဘဲ စစ်အုပ်စု က အရေးစိုက်မှာ မဟုတ်ဘူး။ စစ်အာဏာရှင်စနစ် ဗမာပြည်မှာ အခြေကျနေတာ သိပ်ကြာသွားပြီ။ ဦးနေ၀င်းမှအစ စစ်ဗိုလ်ချုပ်တွေ မျိုးဆက်လိုက် အကြမ်းဖက် အုပ်ချုပ်နေကြသည်ကို အနုနည်း သက်သက် ဆန့်ကျင်ပြတာ ဒင်းတို့ဂရုမစိုက်ဘူး။ မတရားသည့် ဖိနှိပ်အကြမ်းဖက်မှုကို ပြည်သူ လူထုမှာ ခုခံပိုင်ခွင့်ရှိပါသည်။ “ခုခံတွန်းလှန်ခြင်းဟာ တရားပါတယ်။” ပြန်လည်ခုခံတွန်းလှန်သည် ကို အကြမ်းဖက်ဝါဒဟု စွပ်စွဲခြင်းသည် ပြည်သူ့တော်လှန်ရေးကို တားဆီးလိုရာမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဤအမြင်မျိုးကို မလိုလားအပ်။ ဆန့်ကျင်ရပေမည်။ တရားသည့် ခုခံတော်လှန်ခြင်းသည် တရား၍ လက်နက်ကိုင်တိုက်ပွဲအတွက် အခြေအနေအကြောင်းအချက်များ မပြည့်စုံသေးလျှင် စိတ်ဓါတ်အရရော လက်တွေ့အရပါ ပြင်ဆင်မှုရှိကြရန် အခြေအနေက တောင်းဆိုနေပေသည်။

            စစ်ရေးနှင့်ပတ်သက်သည့်အပိုင်း

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရနေသည့် တိုင်းပြည်တွေမှ စစ်တပ်အင်အားလျှော့၍ စစ်တပ်ကို ခေတ်မှီ အောင် လုပ်နေကြသည်။ နအဖစစ်အစိုးရကဖြင့် ပြောင်းပြန်လုပ်နေသည်။ ဘယ်ခေတ်အခါနှင့်မှ မတူအောင် ၎င်းတို့ခေတ်မှာ ငြိမ်းချမ်းရေးရနေပါပြီဟု ပြောနေရင်းမှ တစ်ဘက်မှာ တပ်အင်အား အဆက်မပြတ် တိုးချဲ့နေသည်။ လက်ကိုင်တုတ်တပ်ရင်းပေါင်း ၅၀၀ ကျော်လောက်ရှိနေပြီဟု ခန့်မှန်းရသည်။ ရှစ်လေးလုံးမတိုင်မှီကနှင့်စာလျှင် စစ်အဆောက်အုံတွေ အရေအတွက် သိပ်များနေ ပါသည်။ မှတ်သားမိသလောက် စစ်တိုင်း ၁၃ ခု၊ တပ်မ ၁၀ ခုလောက်ထိ တိုးချဲ့ထားပြီး ဗိုလ်ချုပ် တွေကို ရာထူးအာဏာ ခွဲဝေပေး၍ လက်ရွေးစင် လူရင်းတွေအဖြစ် ဗိုလ်ချုပ်မှူးကြီးက မွေးမြူစုစည်း ထားသည်။ တပ်သက်တမ်းကုန်လွန်နေသည့် ဗိုလ်ချုပ်မှူးကြီးဆိုသူက အခါအခွင့်သင့်တိုင်း အင်အားကောင်းသည့် တပ်မတော်တစ်ရပ် ဖွဲ့စည်းရေးနှင့် ပြည်တွင်းပြည်ပ အန္တရာယ်ဆိုသည်များ ပြော၍ မိန့်ခွန်းချွေလေ့ရှိသည်။ ဤဓါတ်ပြားဟောင်းကြီးပဲ ထပ်တစ်လဲလဲဖွင့်ပြ၍ တပ်မတော်၏ တာဝန်များဆိုကာ ကိုယ့်ဖာသာကိုယ် တာဝန်အပ်နှင်းနေကြသည်။ ကာကွယ်ရေးအသုံးစားရိတ်ကို တော့ ထုတ်ပြန်လေ့မရှိ။ လက်နက်ခဲယမ်း စစ်လက်နက်ပစ္စည်းတွေကို ငွေကုန်ကြေးကျခံ ၀ယ်ယူ ခိုးသွင်းနေသည်။ ဘာရည်ရွယ်ချက်နှင့် ထပ်တိုးချဲ့နေရသလဲ။ U-S Supper-power ကို တိုက်မလို့ လား။ အိမ်နားနီးခြင်းရန် ကာကွယ်ရေးလား။

            ဒါအဓိကမဟုတ် သူ့အာဏာခြိမ်းခြောက်နေသည့် ဒီမိုကရေစီအင်အားစုတွေဖြစ်သော စစ်အစိုးရအတိုက်အခံများ တိုက်ဖျက်ရေးအတွက် တိုးချဲ့နေခြင်းဖြစ်သည်။ တပ်အင်အားတိုးချဲ့နေ မှုဒဏ်ကို ပြည်သူအများ ခါးကော့အောင် ခံကြရသည်။ ငြိမ်းအဖွဲ့များအပါအ၀င် လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် တပ်အင်အားပြ ဖိအားပေးအကြပ်ကိုင်မှုတွေ ကြာလေဆိုးလေဖြစ်လာနေပြီး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရေး ဒီအနှစ်နှစ်ဆယ်အတွင်း မလုပ်နိုင်တာ အားလုံးအသိဖြစ် သည်။ ဖြိုခွဲဖဲ့ထုတ်ရေးလောက်သာ စစ်အစိုးရ စိတ်ဝင်စားပြီး သွေးစည်းညီညွတ်ရေး ထည့်မတွက် သည်မှာ ထင်ရှားသည်။

            ဒီမိုကရေစီတော်လှန်ရေး အခြေအနေ

ရှစ်လေးလုံး အရေးတော်ပုံအပြီး ၇ လလောက်အကြာ ဗကပ တပ်ဖွဲ့တွေအတွင်း ကိုးကန့်သားများ စလိုက်သည့် လူမျိုးစုပုန်ကန်ခွဲထွက်မှုကြီး ဖြစ်ပွားသွားခြင်းသည် ဒီမိုကရေစီရေးလှုပ်ရှားမှုနှင့် စစ်ရေးတိုက်ပွဲ ပေါင်းစပ်ပေးရေးအတွက် ထိခိုက်နစ်နာမှု အလွန်ကြီးသည်။ စစ်အုပ်စုသည် ဤ အခွင့်ကောင်းကို အမိအရ ဆုပ်ကိုင်၍ စီးပွားရေးလုပ်ခွင့်များနှင့် လာဘ်ထိုးကာ အပစ်အခတ် ရပ်စဲရေး လုပ်လိုက်နိုင်သည့်အတွက် ရှစ်လေးလုံးအရှိန်အဟုန်ကြောင့် အရူးမီးဝိုင်းဖြစ်နေသည့် စစ်အစိုးရ ထွက်ပေါက်တခု ရသွားခဲ့သည်။ လက်နက်ကိုင်အဖွဲ့ပေါင်း ဘယ်နှစ်ဖွဲ့ဖြင့် ငြိမ်းချမ်းရေး လုပ်ထားနိုင်ပြီ။ ဘယ်ခေတ်အခါနှင့်မျှမတူအောင် တည်ငြိမ်အေးချမ်းမှု ရနေသည်ဟု အမြဲတန်း နိုင်ငံရေးအရ အမြတ်ထုတ်လေ့ရှိသလို ၎င်းတို့အမျိုးသားညီလာခံ၏ ကိုယ်စားလည်လောင်းစာရင်း များလည်း နိုင်ငံရေးအားဖြင့် ၎င်းတို့အတွက် အသုံးတည့်သွားပေသည်။ အပစ်အခတ်ရပ်စဲရေး မလုပ်သည့် အဖွဲ့အစည်းတွေဘက် စစ်အစိုးရ ထိုးစစ်ဆင်မှုတွေ တပ်အလဲအလှယ်နှင့် လုပ်နေနိုင်ပြီး အချို့အဖွဲ့အစည်းများမှာ လူမျိုးရေး၊ ဘာသာရေးနှင့် ဖြိုခွဲမှုများတွေ အလုပ်ခံကြရသည့်အတွက် လက်နက်ကိုင်တိုက်ပွဲအခြေအနေ အားနည်းချက် ရှိနေဆဲဖြစ်သည်။ ယခုချိန်ထိ ကုစားမှုမလုပ်နိုင် သေးဘဲ ဖြစ်နေသည်ဟု ထင်ပါသည်။ သို့သော် အပစ်အခတ်ရပ်စဲရေးလုပ်ထားသည့် အဖွဲ့တိုင်း ပွဲပြီးမီးသေမဟုတ်ပါ။ စစ်အုပ်စုထင်တိုင်း ဖိအားပေး၍ မရနိုင်ကြောင်း သိနေရသည်။ ယခုထိ ငြိမ်းချမ်းရေးအဖွဲ့များ လက်နက်ကိုင်တပ်ဖွဲ့တွေ တည်ရှိနေသည်။ စစ်အုပ်စုဆန္ဒအတိုင်း မဖျက်သိမ်း ရဲပဲ ဖြစ်နေသည်။ အချိန်မရွေး လက်နက်ကိုင်ပဋ္ဋိပက္ခ ပြန်ဖြစ်လာနိုင်သည့် အခြေအနေရှိနေသည်။ PDF ဆိုသည့် ငြိမ်းအဖွဲ့တပ်ပေါင်းစုပင် ရှိနေသည်။ ဤသည်မှာ ရှစ်လေးလုံးမတိုင်မီ ရှိနှင့်ပြီး လက်နက်ကိုင်တပ်ဖွဲ့များ အခြေအနေဖြစ်သည်။

            ရှစ်လေးလုံးအရေးတော်ပုံကို စစ်တပ်က သွေးထွက်သံယို နှိပ်ကွပ်လိုက်ချိန် ဒီမိုကရေစီရေး သမား အတော်များများ လက်နက်ကိုင်တိုက်ပွဲဝင်ရန် ရည်ရွယ်ချက်နှင့် တိုက်ပွဲတွေရှိရာ နယ်စပ် ဒေသအသီးသီးသို့ ထွက်ခွာလာကြသည်။ ဒီမိုကရေစီရေး ရှေ့တဆင့် တက်လှမ်းရန် ကောင်းမွန် သည့် ခြေလှမ်းများဖြစ်သည်။ ရေရှည်အမြင်စိုက်ထူရေးနှင့် တော်လှန်ရေးသဘောတရား ဆုပ်ကိုင် နိုင်ရန် အရေးကြီးပေသည်။ တော်လှန်ရေးကို အတားအဆီးဖြစ်နေသည့် အကြမ်းမဖက်ရေး လှုပ်ရှားမှုနှင့် ဂိုဏ်းဂနအစွဲများ၊ တဦးချင်းထွက်ပေါက်ရှာမှု စသည့် ဒီမိုကရေစီရေး အားနည်းစေ သည့်အမြင်များ ရှင်းရှင်းလင်းလင်း ကြည့်မြင်ကျော်ဖြတ်နိုင်ကြမှသာ တော်လှန်ရေးသဘောတရား လွှမ်းခြုံပြီး ကိုယ်ကျိုးစွန့် အနစ်နာခံလုပ်ကိုင်ကြသည့် တော်လှန်ရေးလှုပ်ရှားမှုကြီး အရှိန်အဟုန် ရလာလိမ့်မည်ဟု ယုံကြည်ပါသည်။

            နိုင်ငံတာကာဖိအားပေးမှု သံတမန်ရေးတိုက်ပွဲ ကုလသမဂ္ဂဆုံးဖြတ်ချက်များနှင့် နိုင်ငံ တကာ ဖိအားပေးမှုတွေကြောင့် စစ်အုပ်စု သိပ်ပြီးလူရာမ၀င် ဖြစ်သည်မှာ အမှန်ဖြစ်သည်။ ဤကိစ္စ အငြင်းပွားဘွယ်မရှိ အသိအမှတ်ပြုရမည်။ သို့သော်လည်း သံတမန်ရေးသည် တိုက်ပွဲအစိတ်အပိုင်း တခု၊ သဏ္ဌာန်တခုပဲ ဖြစ်သည်။ မြန်မာပြည်ကို ကြားနေနိုင်ငံဆိုပြီး သူ့အတွက် အခွင့်သာသည့်ဘက် ကပ်၍ ခွတုပ်ပေါ်လစီ ကျင့်သုံးနေသည့် တိုင်းပြည်မှာ အပြောင်းအလဲဖြစ်သွားဖို့ သိပ်မလွယ်ကူပေ။ အာဏာပိုင်တွေအတွင်း ဒီမိုကရေစီ တန်ဘိုးထားသူတွေ ရှိနေရင်သာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ မိမိနိုင်ငံ၏ လူ့အဖွဲ့အစည်းနှင့် စစ်ဗျူရိုကရက်လူတန်းစား၏ လက္ခဏာကို သေချာခွဲခြမ်းစိတ်ဖြာပြီးမှ အဓိကတိုက်ပွဲသဏ္ဌာန်ကို သတ်မှတ်ရမြဲဟု နားလည်ထားပါသည်။ ကိုယ့်နိုင်ငံ ပြည်တွင်းအခြေ အနေကို အဓိက မဆုပ်ကိုင်မိဘဲ နိုင်ငံတကာဖိအားနှင့် အပြောင်းအလဲ ဖြစ်သွားနိုင်သည်ဆိုသည့် ပြင်ပဖိအားမျှော်ရေးချည်း ဖြစ်နေရင် အကန်းလမ်းလျှောက်သလို ဖြစ်သွားနိုင်သည်။ သံတမန်ဖိအား ကို သဏ္ဌာန်တခုအနေနှင့် ပေါင်းစပ်ပေးဖို့ပဲ လိုပါသည်။ နိုင်ငံတိုင်းသည် ကိုယ့်နိုင်ငံ ကိုယ့်အကျိုး စီးပွားအခြေခံပေါ်မှာ သံတမန်ဆက်ဆံရေး လုပ်ဆောင်ကြသည်ဟု နားလည်ပါသည်။ နအဖ စစ်အစိုးရသည် သူ့အကျိုးစီးပွားနှင့် ကိုက်ညီနေသည့် အိမ်နီးနားချင်းဆက်ဆံရေးနှင့် ပထ၀ီနိုင်ငံ ရေးကျင့်သုံးမှု အဆင်ပြေနေသည်ဟု ယူဆရမည်ထင်ပါသည်။ သို့သော် စစ်အုပ်စုကို မီဒီယာမှနေ၍ အနောက်အုပ်စုက ဖွင့်ချထိုးနှက်တာလည်း ဆက်တိုက်ခံနေရသည်။ ဒီမိုကရေစီရေးအတွက် သတင်းအချက်အလက်တွေ ရနေမှုလည်းရှိနေသည်။

            လတ်တလောအခြေအနေ

စက်တင်ဘာ သံဃာလှုပ်ရှားမှုကြီးဖြစ်ပေါ်ခြင်းသည် ဒီမိုကရေစီ တိုက်ပွဲစဉ်ကြီးအတွင်းမှ တိုက်ပွဲ ကြီးတစ်ပွဲဟု မြင်ပါသည်။ ဤလှုပ်ရှားမှုကို စစ်အုပ်စုက အကြမ်းဖက်ဖြိုခွင်း ထိုးနှက်လိုက်သည်။ သံဃာနှင့်ပြည်သူ သွေးမြေကျရပြန်သည်။ ရန်ငါတိုက်နေသည့် တိုက်ပွဲဖြစ်သည်။ တိုက်ပွဲဟူသည် အောင်မြင်မှုနှင့် ဆုံးရှုံးမှု ရှိစမြဲဖြစ်သည်။ အကျိုးအမြတ်မတွက်၍လည်း မဖြစ်ပေ။ ပြည်သူ့ဘက်မှ တစ်ဘက်သတ်ခံနေရတာမျိုး မဖြစ်ရန် သတိပြုရမည်။ အရေးကြီးသည့် တိုက်ပွဲတွေ ရပ်စဲသွားမည် မဟုတ် ဒီိမိုကရေစီမရမခြင်း တိုက်ပွဲဝင်မည်ဆိုသည့် သန္နိဌာန် ရှိရန်လိုမည်။ ဤအခြေအနေမျိုးနှင့် ဘုံရန်သူ ဗိုလ်သန်းရွှေအုပ်စုမှ အလျှော့ပေးစေ့စပ်မည့်သဘော လုံးဝမပြသခဲ့။ သံဃာ့လှုပ်ရှားမှု ကာလမှာပင် စစ်အုပ်စုအမျိုးသားညီလာခံ ပြီးသွားပြီဟု ကျေညာသည်။ ၎င်းတို့၏ ROAD MAP  အတိုင်းပဲ ဆက်လုပ်လိမ့်မည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲရေးအဖွဲ့ဆိုသည်ကို သူ့လူတွေနှင့်ချည်း ဖွဲ့သည်။ စစ်အာဏာရှင်စနစ် ခိုင်မာသထက် ခိုင်မာအောင် လုပ်မည်ဆိုသည်ကို ပြသခြင်းဖြစ်သည်။ မည်သည့်ဖိအားကိုမျှ ဂရုမစိုက်တာ ရှင်းနေပြီ။ ၎င်းတို့တစ်တွေ မည်သို့ပင် ခေါင်းမာသည်ဖြစ်စေ ရန်သူလူတန်းစားသည် ပုတ်သိုးဆွေးမြေ့နေသည်။ စနစ်ဟောင်းကို ဖက်တွယ်ပြီး မတရား ရယူ ထားသည့် အာဏာနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်နေသူတစုသာဖြစ်သည်။ ပြည်သူလူထုအနေဖြင့် နအဖစစ်အုပ်စုအလိုကျ ဖွဲ့စည်းအုပ်ချုပ်ပုံ ဆန္ဒခံယူပွဲမှာ အတည်ပြုမပေးမိဘို့ အရေးကြီးသည်။ ကြံ့ဖွံ့ အဖွဲ့မဲများနှင့် ညစ်ပတ်၍ အဓမ္မအတည်ပြုရေး ကြိုးပမ်းလိမ့်မည်။ ပြည်သူလူထုအနေနှင့် NLD နှင့် အတူ ရဲရဲပယ်ချပစ်ဖို့ အရေးကြီးပါသည်။ ကျနော်တို့ ဒီမိုကရေစီဘက်တော်သားများအားလုံး သွေးစည်းညီညွတ်မှုဖြင့် နအဖ၏ ဇွတ်လှမ်းလာမည့် ရှေ့ခြေလှမ်းများ ရှေ့ဆက်မလှမ်းနိုင်ရန် သဏ္ဌာန်မျိုးစုံဖြင့် တားဆီးကြရမည်။ နအဖရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံသည် စစ်အာဏာ ရှင်စနစ် တည်မြဲရေးသာဖြစ်ကြောင်း ပြည်သူတစ်ရပ်လုံး အတည်ပြုမပေးမိရေး ရဲရဲပယ်ချပစ်ရန် လှုံ့ဆော်သင့်ပေသည်။

            ဗမာပြည်၏ ပကတိဘ၀နှင့် အံမကိုက်သည့် ပေါ်လစီလမ်းစဉ် မှားနေလျှင် တော်လှန်ရေး အောင်မြင်မှု မရနိုင်ပေ။ တော်လှန်ရေးနည်းသည် လူမှုပဋ္ဋိပက္ခများကို တရားနည်းလမ်းကျစွာ ဖြေရှင်းနေခြင်းဖြစ်သည်။ လမ်းစဉ်မှားနှင့် တော်လှန်ရေးအောင်ပွဲခံသည့်နိုင်ငံ ကမ္ဘာမှာမရှိ။ ခက်ခဲ ကြမ်းတမ်းပြီး တော်လှန်ရေးသမားများ၏ သွေးချွေးစတေးကြရသည်မှာ ရှောင်လွှဲမရသည့်တရား ဖြစ်သည်။ လူထုတိုက်ပွဲများကို စစ်အုပ်စုက ကြိုတင်ပြင်ဆင် ဖြိုခွဲနေခြင်းဖြစ်သည်။ ကြေးစားများနှင့် လက်ကိုင်တုတ်အဆင့်ဆင့် စုစည်းဖြိုခွဲနေခြင်းဖြစ်၍ ပြည်သူလူထုအနေနှင့် အဆင့်ဆင့် တိုက်ပွဲဆင် နိုင်ရန် ကြိုးပမ်းကြရပါလိမ့်မည်။ ပြည်သူလူထုအခြေခံရှိမှ ရန်သူကို ကြံ့ကြံ့ခိုင် ဆက်တိုက်နိုင်မှာ ဖြစ်ပြီး ထိရောက်သည့်အောင်မြင်မှုတွေ ဖြစ်လာမှာပါ။ တိုက်ပွဲအတွေ့အကြုံနှင့် သင်ခန်းစာတွေကို ရယူ၊ အားနည်းချက် ချို့ယွင်းချက်များ ပြုပြင်ပြီး လျှို့ဝှက်နည်းကျင့်သုံးကာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရလိမ့်မည်ဟု ထင်ပါသည်။

            ပထမဆုံး ပြင်ဆင်သင့်သည်မှာ စိတ်ဓါတ်ပိုင်း အတွေးအခေါ်အရ တည်ဆောက်ရေး ဖြစ်သည်။ ကိုယ့်ဒူးကိုယ်ချွန်ရေးနှင့် ပြည်တွင်းကို အဓိကထားလုပ်ရေး စိတ်ဓါတ်ကိုင်စွဲပြီး လုပ်ကြ ရန် အရေးကြီးသည်။ ဤစိတ်ဓါတ်ကိုင်စွဲပြီး လုပ်ကိုင်နေကြသည့် အင်အားများတိုးပွားနေမည်ဟု ယုံကြည်ရပါသည်။

            နိုင်ငံရေးမှာ တော်လှန်သည့်သဘောတရား ရှိရန်လိုသည်။ တော်လှန်သည့်သဘောတရား မကိုင်စွဲလျှင် တော်လှန်သည့်လှုပ်ရှားမှု မဖြစ်နိုင်ပါ။ မည်သည့်အရာများက သမိုင်းဖြစ်ပေါ်တိုးတက် မှုကို အတားအဆီးဖြစ်နေသလဲ။ ရန်သူက လက်နက်ကိုင် လိုက်လံနှိပ်ကွပ်နေပါလျှက် အဘယ် ကြောင့် လက်နက်နှင့် တိုက်ခိုက်သည့်နည်းကို မလိုလားသလဲ။ မိမိကိုယ်တိုင် ဝေဖန်ပိုင်းခြားမြင်ရန် လိုသည်။ ပြည်သူ့တိုက်ပွဲကို အဟန့်အတားဖြစ်စေမည့် အကြမ်းမဖက်ရေးနည်းသက်သက်များ ကျော်လွှား၍ အခြားနည်းများ တိုးချဲ့စဉ်းစားရမည်။ သိမြင်မှုနယ်ပယ် ကျယ်ပြန့်ရေး၊ မိမိနိုင်ငံတွင်းမှ သမိုင်းအဖြစ်မှန်များ အလေးထား နားလည်အောင်လုပ်ရေးပြီးလျှင် လက်ရှိနိုင်ငံတကာအခင်း အကျင်းကိုလည်း သဘောပေါက်ရမည်။

            ဒီမိုကရေစီလိုလားသည့် အသင်းအဖွဲ့များ ညီညွတ်မှုရှိရန်လိုအပ်သည်။ လက်တွဲ၍ ရနိုင်သမျှ အတူလက်တွဲ၍ တိုင်းပြည်ကယ်တင်ရေး၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဘုံရည်မှန်း ချက်တခု အကောင်အထည် ဖော်ရေးဖြစ်သည်။ အမှန်တကယ် ပြည်ချစ်စိတ်ဓါတ် ပြင်းထန်မည် ဆိုပါက သွေးစည်းညီညွတ်ရေး ဖျက်ဆီးမည့် အယူအဆဟောင်းတွေကို ဖယ်ရှားပစ်နိုင်မည်ဟု ယုံကြည်သည်။

            ပေါ်လစီလမ်းစဉ် ချမှတ်ရာတွင် လက်တွေ့အခြေအနေနှင့် ကိုက်ညီပြီး အကောင်အထည် ဖော် အလုပ်ဖြစ်နိုင်သည့် လက်တွေ့နိုင်ငံရေးလုပ်ဟန် ဖြစ်စေရပါမည်။ အပြောနှင့်အလုပ် ကွာဟမှု ဖြစ်နေခြင်းမျိုး သတိပြုသင့်သည်။ ပြည်သူလူထုကြီးက လိုလားတောင့်နေသည့် ဒီမိုကရေစီ အရေး တော်ပုံကြီး အောင်မြင်ရေးအတွက် တစ်ဆင့်တိုး လုံးပမ်းကြရန်ဖြစ်သည်။ 

*****

မာင်စိန်သော်  
- ၁ - ၂၀၀၈   

 

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ