|
ဗမာ့နိုင်ငံရေးမှာ
စစ်တပ်ချုပ်ကိုင်ခြယ်လှယ်နေခြင်းကို
ရပ်တံ့စေရမယ်
တစညပါတီက နောက်ထပ်
ရွေးကောက်ပွဲအသစ်ထပ်ဝင်ဖို့
အသင့်ဖြစ်နေပြီဆိုပဲ။ ၉၀ ခုနှစ်
ရွေးကောက်ပွဲရလဒ်ကို ချေဖျက်ပစ်ဖို့
စစ်အုပ်စုနဲ့ပူးပေါင်းကြံစည်မှုလို့
ဆိုရလိမ့်မယ်။ စစ်အစိုးရ ကိုယ်တိုင်
လူသိရှင်ကြား ကျင်းပခဲ့တဲ့
ရွေးကောက်ပွဲကို
သူကိုယ်တိုင်အသိအမှတ်ပြုဖို့ ငြင်းပယ်ပြီး
ခိုင်လုံတဲ့ အကျိုးအကြောင်း ဘာတခုမှ
မယ်မယ်ရရမရှိဘဲ ချေဖျက်ဖို့ကြိုးစားနေတာဟာ
အလွန်ကို မိုက်မဲတာလို့ ဆိုရမှာပါ။
ပြောနေတဲ့ ရွေးကောက်ပွဲသစ်ဆိုတာ
စဉ်းစားနိုင်သူတိုင်း သဘောပေါက်ကြ မယ့်
ကိုယ့်လူကိုယ် မဲအနိုင်ရအောင် လုပ်ယူမယ့်
လိမ်ပွဲတပွဲပါ။ နအဖဟာ မဲအနိုင်ရလောက်တဲ့
အတိုက်အခံတွေကို ထောင်ထဲထည့်ပြီးမှ
ရွေးကောက်ပွဲလုပ်တဲ့
လုပ်နည်းမျိုးသုံးဖို့ ၀န်လေးသူတွေ
မဟုတ်ပါဘူး။ လုပ်လည်း လုပ်ခဲ့ပြီးပြီ။
နောင်လည်း မရိုးမသားနည်းတွေ ပိုပြီး
လုပ်လာစရာ ရှိနေပါ တယ်။
ဘာဥပဒေ
စည်းကမ်းသတ်မှတ်ချက်ကိုမှ ထည့်မတွက်တဲ့
နအဖစစ်အုပ်စုဟာ အမဲရိုးနှယ် ဟင်းအိုးမှ
အားမနာဆိုသလို သူ့ပါးစပ်က
စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလို့
ပြောနေတယ်။ ပြောချင်ရာပြောပြီး သူတို့
ဖြစ်ချင်နေတာတွေကို မဆင်မခြင်
ဇွတ်လုပ်နေသူတွေပါ။
လက်ရှိအခြေအနေက
ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေရေးနေပါတယ်ဆိုတဲ့ ညီလာခံ
ပြီးပြတ်ပြီလို့ မကြေညာသေးဘူး။ ဒါ
ပထမအဆင့်ပဲ ရှိသေးတယ်။ နောက်အဆင့်တွေမှာ
သူတို့ စိတ်ကြိုက်ရေးထားတဲ့
ဖွဲ့စည်းပုံကို ချပြရှင်းလင်းတာ။ ဒါကို
အတည်ဖြစ်ရေး၊ ပြည်သူ့ဆန္ဒခံယူပွဲ ဆိုတာတွေ
လုပ်စရာ ရှိသေးတယ်။ တကယ်တမ်း
ပြည်သူ့ဆန္ဒသဘောထား လေးစားရ ကောင်းမှန်း
သိတဲ့ အစိုးရမျိုးအတွက်ဆိုရင် ဒါတွေက
အရေးကြီးပါတယ်။ တတ်နိုင်သမျှ
ပြည်သူ့သဘောထား ထင်ဟပ်နိုင်အောင်
လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့်
ဖွင့်ပေးရမှာဖြစ်တယ်။
စစ်တပ်က ရွေးကောက်ပွဲဝင်စရာ
မလိုဘဲ အမတ်နေရာ ၂၅ ရာခိုင်နှုန်း
ယူထားပြီး စစ်တပ် က လွှတ်တော်ကို
အပိုင်စီး၊
သူတို့ခေါင်းဆောင်လုပ်ဖို့ရေးထားတဲ့
ဒီလိုဖွဲ့စည်းပုံမျိုးကို အလျှော့ပေး ပြီး
လွယ်လွယ်အတည်ပြုပေးလို့မဖြစ်နိုင်ဘူး။
မျက်စိမှိတ် အတည်ပြုပေးလိုက်လို့ကတော့
မတရား သိမ်းထားတဲ့ အာဏာကို ပြည်သူတွေက
တရားဝင် အတည်ပြုပေးလိုက်သလို ဖြစ်သွားမယ်။
နအဖဟာ ဒီဂိတ်ကိုကျော်ဖို့
နည်းမျိုးစုံနဲ့ ကြိုးပမ်းလိမ့်မယ်။ ဒါကို
သတိချပ်ဖို့လိုပါတယ်။ အခုကိုပဲ
မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့
ပါဝင်ပတ်သက်မှုကို ပစ်ပယ်လို့မရဘူး။ တပ်က
၂၅ ရာခိုင်နှုန်း အမတ်နေရာယူထားတော့ကော
ဘာဖြစ်သွားမှာမို့လို့လဲ စတဲ့ ဗြောင်ကျတဲ့
အပြောမျိုး တွေနဲ့ နအဖနဲ့
နအဖအပေါင်းပါတွေက အာဘော်ဖန်တီးနေကြတယ်။
ပြည်သူလူထုအသံနဲ့ ဘာမှ မဆိုင်ဘူး။
နိုင်ငံတိုင်းမှာ
နိုင်ငံတော်ကာကွယ်ရေးအတွက်
လက်နက်ကိုင်တပ်မတော် ရှိဖို့ လိုအပ်
တဲ့ကိစ္စ လူတိုင်းသိတယ်။ စစ်တပ်ဟာ
စစ်တပ်နေရာနေဖို့ပါ။ သူ့နေရာနဲ့
သူပဲဖြစ်ရမယ်။ နိုင်ငံရေးမှာ
ဝင်ရောက်ခြယ်လှယ်ဖို့ မဟုတ်ဘူး။
နိုင်ငံရေးလုပ်ချင်ရင် စစ်တပ်ကထွက်၊
ပါတီထောင်၊ နိုင်ငံရေး သမားချင်း
ယှဉ်ပြိုင်အရွေးခံ၊ ပြည်သူ့အဆုံးအဖြတ်ကို
နာခံဖို့ပဲ။ တပ်တွင်း လုပ်နေသလို အာဏာ
သုံး၊ အမိန့်ပေး
လုပ်ကိုင်လို့တော့ဘယ်ဖြစ်မှာလဲ။
အခုကိစ္စဟာ တပ်က
နိုင်ငံရေးထဲပါဝင်ပတ်သက်ရုံမျှမက
နိုင်ငံတော်အာဏာတခုလုံးကို ချုပ်ကိုင်
သိမ်းပိုက်ထားတာဘယ်လောက်ကြာနေပြီလဲ။
တိုင်းပြည်ကော ဘယ်အခြေဆိုက်သွားပြီလဲ။
ဝိုင်းပယ်ပိတ်ဆို့ ဒဏ်ခတ်မှုမျိုးစုံ
ခံနေရလို့ နာမည်ဆိုးစာရင်းဝင်
နိုင်ငံတွေထဲမှာ ရှေ့တန်းကပါတဲ့
နိုင်ငံဘ၀ ကျရောက်နေပြီမဟုတ်လား။
တနေ့တခြား ဆိုးဝါးလာနေတဲ့ စားဝတ်နေရေး
ဆင်းရဲ ကျပ်တည်းမှု၊ အာဏာပိုင်တွေရဲ့
ဖိနှိပ်ချုပ်ချယ်မှု စတဲ့ ပြည်တွင်းမှာ
ရင်ဆိုင်နေရတဲ့ ပြဿနာပေါင်းစုံ မှ
သက်သာရာ ရလိုရငြား ပြည်သူတွေ
ပြည်ပနိုင်ငံများသို့ ထွက်ခွာလာနေကြတာ
ရပ်စဲတယ်ရယ်လို့ မရှိဘူး။
စစ်အုပ်စုမင်းမူနေသမျှ ဒီလိုထွက်ခွာ
ပြောင်းရွှေ့မှုတွေ တားလို့မရနိုင်ဘူး။
ဆက်လက် ဖြစ်ပေါ်နေဦးမှာပဲ။
ဗမာပြည်နဲ့ ဝေးလံတဲ့ အခြား
ကမ္ဘာ့နိုင်ငံတွေမှာ ၀င်ရောက်ခိုလှုံနေတာတွေ
ထားလိုက်ဦး။ ဗမာပြည်နဲ့
ရေမြေချင်းဆက်နေတဲ့ အိမ်နားနီးချင်း
နိုင်ငံတိုင်းလောက်နီးနီးမှာ
အကြောင်းအမျိုးမျိုးနဲ့ ၀င်ရောက်ခိုလှုံ
လုပ်ကိုင်စားသောက်နေကြရတာ။ ဒီလို
ဝင်ရောက်လုပ်ကိုင်စားသောက်တဲ့ ဗမာ
ပြည်သူတွေ အရေအတွက်များပြားတာနဲ့အမျှ
ရောက်လေရာမှာ ပြဿနာမျိုးစုံ ပေါ်ထွက်နေတာ။
ဒီလို ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးသား
ဂုဏ်သိက္ခာထိခိုက်မှု ဖြစ်နေရတာတွေကို
နိုင်ငံတော်အကြီးအကဲ ဘွဲ့ ခံယူထားတဲ့
ဗိုလ်ချုပ်ကြီးများ ရှက်ရကောင်းမှန်းမသိ၊
သူတို့မှာ တာဝန်ရှိကြောင်းလည်း မသိ
ကြဘူးထင်တယ်။
အာဏာရှင်
ဗိုလ်ချုပ်ကြီးများဟာ ၎င်းတို့ရဲ့သားသမီးနဲ့
သားမက် လုပ်ငန်းပိုင်ရှင်ကြီးများ
စည်းစိမ်ဥစ္စာ ကြွယ်ဝရေးအတွက်ပဲ
အရေးကြီးနေကြတယ်နဲ့တူတယ်။
နိုင်ငံနဲ့ပြည်သူ ဘယ်အခြေ ဆိုက်နေသလဲ
မစဉ်းစားကြဘူး။ ဗမာ့နိုင်ငံရေးမှာ
တပ်မတော် ပါဝင်ပတ်သက်ဖို့လိုတယ်ဆိုတာ
၎င်းတို့နဲ့ ၎င်းတို့ရဲ့ နောက်လိုက်
အပေါင်းပါတွေသာလျှင် တွင်တွင်ကြီး
ပြောနေကြတာဖြစ်တယ်။ ဗမာ့လွတ်လပ်ရေးမှာ
တပ်မတော်ပါဝင်ခဲ့တယ်၊ အနစ်နာခံခဲ့တယ်
ဆိုတဲ့ အစဉ်အလာကိုပဲ စွတ်အော်နေပြီး
လွတ်လပ်ရေးကြိုးပမ်းမှုခေတ်က
နိုင်ငံရေးပါတီတို့ရဲ့ အခန်းကျတော့ လေသံ
မဟဘူး။ သမိုင်းအဖြစ်မှန်တွေကိုတောင်မှ
ပြည်သူကို အသိမပေးရဲဘူး။ မှေးမှိန်အောင်
လုပ်ထား တယ်။ ဖျောက်ဖျက်ထားတယ်။
မျိုးချစ်ပြည်ချစ်
နိုင်ငံရေးသမားတွေက
နယ်ချဲ့ဆန့်ကျင်ရေးကာလမှာ
မွေးဖွားပေးလိုက်တဲ့ တပ်မတော်ဆိုတာ
ငြင်းမရဘူး။ နယ်ချဲ့ဆန့်ကျင်ရေး
အစဉ်အလာကောင်းရှိခဲ့တာလည်း အမှန်ပဲ။
ဒါပေမယ့် ဒီအစဉ်အလာကောင်းတွေဟာ
ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက်
အာဏာရမက်ကြီးသူတွေနဲ့ ဦးနေ၀င်းတို့အုပ်စု
ဖျက်ဆီးပစ်လိုက်လို့ ပျောက်ကွယ်ကုန်တာ
ကြာပြီ။ တပ်မတော်တည်ဆောက်သူ တပ်မတော်ဖခင်
ဗိုလ်ချုပ်အောင်ဆန်း အခန်းကဏ္ဍကိုတောင်
မှေးမှိန်အောင် လုပ်နေသူတွေ
ကြောင့် တပ်မတော်
မူလမျှော်မှန်းချက်တွေနဲ့ ဆန့်ကျင်ပြီး
ကိုယ့်ပြည်သူ ကိုယ်ပြန်ဖိနှိပ်နေတဲ့
တပ်ဖြစ်နေတာ အဖိနှိပ်ခံရတဲ့ ပြည်သူတွေ
အသိဆုံးဖြစ်တယ်။ ဒါတွေကြောင့် တပ်မတော်
ပြုပြင် ပြောင်းလဲရေးဆိုတာဟာ
မလုပ်မဖြစ်လုပ်ဆောင်ရမယ့်
လုပ်ငန်းတာဝန်တခု ဖြစ်တယ်။
အရင်းခံကျတဲ့ စစ်အာဏာရှင်စနစ်
ဖျက်သိမ်းရေးဆိုတဲ့ နိုင်ငံရေးပြဿနာ
မဖြေရှင်းနိုင်ရင် ပြုပြင်ပြောင်းလဲရေးနဲ့
ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ မဖြစ်နိုင်ဘူး။
နအဖပြောတဲ့ လမ်းပြမြေပုံဆိုတာ
စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး၊
စစ်အာဏာရှင်စနစ် ဆက်လက်ထိန်းသိမ်းထားရေးပဲ
ဖြစ်တယ်။
ပြုပြင်ပြောင်းလဲရေးတွေလုပ်ပါမယ်လို့
သံတမန်စကားတွေ ပြောနေခြင်းဟာ လူကြား
ကောင်းအောင် ပြောနေခြင်းသာဖြစ်တယ်။
လက်တွေ့က သူတို့အာဏာ လက်လွှတ်ဖို့
စိတ်မကူးပါ ဘူး။ သူတို့အပြောအတိုင်း
မျှော်နေရင် ဒီမိုကရေစီနိုင်ငံတော်ဆိုတာ
မျှော်တိုင်းဝေးပဲ။
ဗမာ့နိုင်ငံရေးမှာ စစ်တပ်
ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေသမျှ
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ရေးနဲ့
အမျိုးသားသွေးစည်းရေးတို့ကို ပီပြင်အောင်
အကောင်ထည်ဖော်မရကြောင်း ၄၅ နှစ်တာ
သမိုင်းက သက်သေပြနေတယ်။ အတိုက်အခံ
ဒီမိုကရေစီအင်အားစုတွေ တောင်းဆိုနေတဲ့
တွေ့ဆုံ ဆွေးနွေးအဖြေရှာရေးအပေါ် နအဖက
အရေးတယူစဉ်းစားတာမလုပ်ဘူး။
ဗိုလ်သန်းရွှေအုပ်စုက
ဆွေးနွေးဖို့မလိုအပ်ဘူးလို့လည်း
ပြောနေတယ်။ ဒီလို မောက်မာထောင်လွှားနေတဲ့
နအဖစစ်အုပ်စုကို တွေ့ဆုံဆွေးနွေးရေး
ဖြစ်လာအောင် ဒီမိုကရေစီအင်အားစု
အသီးသီးအနေနဲ့ စည်းလုံးညီညွတ်ကြမှ
ဖြစ်လိမ့်မယ်။ တသင်းတဖွဲ့စီ ခွဲလုပ်နေလို့
ထိရောက်မှာမဟုတ်ဘူး။ စစ်အာဏာရှင်စနစ်
တိုက်ဖျက် ရေး ဘုံလုပ်ငန်းစဉ်တရပ်
ချမှတ်ပြီး တက်ညီလက်ညီနဲ့
အရှိန်အဟုန်ကောင်းကောင်း တစ်ချီ တစ်မောင်း
တွန်းတင်ဖို့ လိုအပ်နေတဲ့
အချိန်ပါ။ ။
*****
မောင်စိန်သော် |