ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

အပြောင်းအလဲတခု ဖြစ်တော့မယ်           

ဗမာပြည် သူ့ကျွန်ဘဝက လွတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့ကြတဲ့ လွတ်လပ်ရေးသူရဲကောင်းတွေ၊ နိုင်ငံရေးအင်အားစုတွေရဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်တွေနဲ့ ပြည်သူလူထုကြီး မျှော်လင့်ခဲ့တာက လွတ်လပ် ရေးရပြီးရင် သာယာဝပြောတဲ့၊ ငြိမ်းချမ်းတဲ့၊ စည်းလုံးညီညွတ်တဲ့ တိုင်းပြည်တပြည်ဖြစ်ဖို့ သားစဉ် မြေးဆက် ကောင်းစားရေးအတွက် ဖြစ်ပါတယ်။

            ဒါပေမဲ့ သူတို့ရဲ့ ဆန္ဒမျှော်လင့်ချက်တွေနဲ့ ဆန့်ကျင်စွာပဲ လွတ်လပ်ရေးရတဲ့အခါမှာ ပြည်တွင်းစစ်နဲ့ ရင်ဆိုင်ရပါတယ်။ အမျိုးသားစည်းလုံးမှု ပြိုကွဲသွားပါတယ်။ လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့ကြတဲ့ လူတချို့ဟာ အုပ်စိုးသူလူတန်းစား ဖြစ်လာတဲ့အခါမှာ သူတို့လက်နဲ့ ရေးခဲ့တာကို သူတို့ ခြေနဲ့ ပြန်ဖျက်တာ လုပ်လာပါတယ်။ ပြည်သူလူထုကြီးကို ပြန်လည်ဖိနှိပ်လာပါတယ်။

            လွတ်လပ်ရေး တိုက်ပွဲဝင်စဉ်ကာလက ကိုယ်ကျိုးမဖက် အများအကျိုးအတွက်ဆိုတဲ့ စိတ်ဓာတ်နေရာမှာ အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုတဲ့စိတ်ဓာတ် အစားထိုးလာပါတယ်။ ဒီစိတ်ဓာတ်ဟာ သာမန်ပဲ ကရုမမူမိရင် ကိုယ်ကျိုးကြည့်မှန်းမသိဘဲ ကိုယ်ကျိုးကြည့်လာစေတဲ့ စဉ်းစားတွေးခေါ်နည်းကို ဖြစ်စေပါတယ်။

            ဒီလိုစဉ်းစားနည်း၊ ဒီလိုစိတ်ဓာတ်ကနေပဲ ကိုယ်ကျိုးကြည့်တဲ့ အမြင်ဟာ အုပ်စိုးသူလူတန်း စားမှာ လွှမ်းမိုးသွားပါတယ်။ ဒါကြောင့်ပဲ ဗမာပြည်လွတ်လပ်ရေးရပြီးတဲ့နောက် အုပ်စိုးသူဖြစ်လာသူ အဆက်ဆက်ဟာ “ဘယ်သူသေသေ ငတေမာရင်ပြီးရော”ဆိုတဲ့ စိတ်ဓာတ်ပဲ လွှမ်းမိုးလာပါတော့ တယ်။ လူမျိုးစုံပြည်သူလူထု အကျိုးစီးပွားဆိုတာ သူတို့ စဉ်းစားခန်းထဲတောင် မထည့်တော့ပါဘူး။

            ဒါပေမဲ့ ဒါကိုဖုံးကွယ်ဖို့နဲ့ လူထုကြီးကို နားလှည့်ပါးရိုက်ဖို့အတွက် လူထုဆန္ဒ၊ ပြည်သူ့ အကျိုးစီးပွား၊ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကောင်စီ၊ ပြည်သူ့လွှတ်တော်၊ ဒီမိုကရေစီဆိုတဲ့ စကား လုံးတွေနဲ့တော့ နားမဆန့်လောက်အောင် ဝါဒဖြန့်ချိခဲ့ကြပါတယ်။

            လွတ်လပ်ရေးအတွက်၊ ပြည်သူလူထုအတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ခဲ့တဲ့ တပ်ဟာလဲ ကိုယ်ကျိုးကြည့်တဲ့ အုပ်စိုးသူတွေရဲ့ လက်ကိုင်တုတ်တပ် ဖြစ်လာပြီး ပြည်သူ့လူထုကို ပြန်လည်ဖိနှိပ် ညှဉ်းဆဲသတ်ဖြတ်တဲ့တပ်ကြီး ဖြစ်သွားပါတယ်။ အခုဆိုရင် ‘တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ’ဆိုပြီး မိုက်မိုက်ရိုင်းရိုင်ပဲ ကြွေးကြော်နေပါပြီ။ လူမျိုးစုံ ပြည်သူလူထုကြီးကို ကမ်းကုန်အောင် ရိုင်းပြစော်ကား သတ်ဖြတ်နေတဲ့တပ် ဖြစ်သွားပါပြီ။ လက်နက်ကိုင်ရမ်းကားနေတဲ့ လူမိုက်ဂိုဏ်းဘဝ ကို ကျရောက်နေပါပြီ။

            တဖက်မှာတော့ ပြည်သူလူထုကိုစာနာတဲ့ တပ်မှူးတပ်သားတွေ အများအပြား ရှိနေပါသေး တယ်။ ဒါပေမဲ့ သူတို့ဟာ အမြော်အမြင်မရှိတဲ့၊ မိုက်ဂုဏ်တခုထဲရှိတဲ့ စစ်အုပ်စုထိပ်သီးတွေကို လွန် ဆန်နိုင်ဖို့ လောလောဆယ်မှာ အတော်ခက်နေပါသေးတယ်။

            အရင်းရှင်စံနစ်ဟာ အကြွေးစနစ်၊ သွေးစုပ်တဲ့စနစ်၊ လာဘ်ပေးလာဘ်ယူတဲ့စနစ်၊ ခေါင်းပုံ ဖြတ်တဲ့စနစ်၊ လှည့်ပတ်လိမ်လည်(လောင်းကစား)တဲ့စနစ် ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်အရင်းရှင် အစိုးရမဆို လာဘ်ပေးလာဘ်ယူစနစ်နဲ့ မကင်းပါဘူး။

            အရင်းရှင်ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ အစိုးရတွေမှာ လာဘ်ပေးလာဘ်ယူစနစ်ဟာ ယဉ်ယဉ်ကလေးဖြစ်ပေမဲ့ အရင်းရှင် ဖက်ဆစ်အာဏာရှင်တို့၊ အရင်းရှင် စစ်ဗျူရိုကရက်တို့ ကြီးစိုးတဲ့ တိုင်းပြည်တွေမှာတော့ ပြောင်ကျပြီး သိပ်ရိုင်းစိုင်း ရက်စက်ပါတယ်။ အရင်းရှင်စနစ် လူ့ယဉ်ကျေးမှု၊ လူ့သိက္ခာဆိုတာ ဘယ်ရောက်သွားမှန်းမသိတဲ့ အခြေတောင် ဆိုက်ပါတယ်။

            ဗမာပြည်မှာ စစ်ဗျူရိုကရေစီယန္တရားဟာ တကယ်တော့ စုတ်ပြတ်သတ်နေပြီဖြစ်တယ်။ ဘယ်အစိုးရဌာနမှာမဆို လူ့သိက္ခာ၊ လူ့ကျင့်ဝတ်ကို လေးစားတတ်တဲ့ တာဝန်ရှိသူ ဝန်ထမ်းဆိုတာ မရှိတော့ပါဘူး။ တရားဥပဒေဆိုတာ ဘာလဲလို့တောင် မေးယူရတော့မလို ဖြစ်နေပြီး ရှေ့နေတွေ ကိုတောင် ထောင်ပြန်ချနေတဲ့ တရားရုံးတွေ မကြုံဖူး၊ မကြားဖူးတာတွေ ဖြစ်နေတယ်။ တနေ့မှာ တရားသူကြီးတွေလည်း ထောင်ထဲရောက်လိုရောက်၊ ထောင်မှူးတွေလဲ အကျဉ်းသား ပြန်ဖြစ်လိုဖြစ် တာတွေလည်း ဖြစ်နိုင်ပါတယ်။

            စစ်ကြောရေးစခန်းတွေမှာ စစ်ကြောမေးမြန်းသူတွေကို လူစိတ်ကင်းမဲ့အောင် နအဖ စစ်အစိုးရက လုပ်ထားပါတယ်။ စစ်ကြောသူတွေဟာ သူတို့စစ်ကြောမှုကို ခံနေရသူတွေကို လူရယ် လို့တောင် သဘောမထားတဲ့အထိ ရိုင်းစိုင်းအောက်တန်းကျပါတယ်။ စစ်ကြောခံရသူတွေအနေနဲ့ လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်တာ ခံရတယ်။ တချို့ အသက်ဆုံးရှုံးကုန်ပါတယ်။ ယုတ်မာရက်စက်မှု တွေလည်း ကမ်းကုန်နေပါပြီ။

            ထောင်မှူးတွေ၊ ထောင်အမှုထမ်းဆိုသူတွေဟာလည်း နအဖရဲ့ ပြုစုပျိုးထောင်မှုအောက်မှာ လူသားချင်းစာနာစိတ်ဆိုတာ ကင်းမဲ့နေကြပါပြီ။ ထောင်ဆိုတာ လူတွေကို ညှဉ်းဆဲနှိပ်စက်ပြီး မျှဉ်း သတ်နေတဲ့ နေရာတောင်ဖြစ်နေပါပြီ။ ရဲတွေဆိုတာလည်း “ကူညီပါရစေ”ဆိုတဲ့ ဆိုင်းဘုတ်နောက် ကွယ်မှာ လူတကာကို အပြစ်ရှာခြိမ်းခြောက် ငွေညှစ်စားတဲ့အလုပ်ပဲ လုပ်နေတာပါ။ ကူညီလိုစိတ်၊ စာနာစိတ်ဆိုတာတွေ အဲ့ဒီရဲတွေမှာ ရှာမတွေ့တော့တာ ကြာပြီ။ စစ်တပ်ကတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို နင်းခြေဖျက်ဆီးနေတာ ပြည်တွင်းစစ်စကတည်းကပါပဲ။

            ၁၉၆၂ စစ်အုပ်စုက အာဏာသိမ်းပြီးတဲ့အခါမှာတော့ စစ်တပ်ဟာ ဝန်ထမ်းအားလုံးအပေါ် မှာ ဗိုလ်ကျစိုးမိုးတဲ့ အဖွဲ့အစည်းတခု ဖြစ်လာပါတယ်။ တရားဥပဒေတို့၊ လူ့သိက္ခာတို့၊ လူ့ယဉ်ကျေးမှု တို့၊ စာနာစိတ်တို့ လုံးဝကင်းမဲ့နေတဲ့ အဖွဲ့အစည်းတခုအဖြစ် ကျဆင်းသွားပါတယ်။ စစ်တပ်ထဲမှာ တပ်မှူး၊ တပ်သားဆက်ဆံရေးမှာ လူ့သိက္ခာကို တန်ဘိုးထားပြီး ဆက်ဆံတာမရှိပါ။ တပ်မှူးတွေက တပ်သားတွေအပေါ်မှာ လူ့သိက္ခာ တပြားမှမကျန်အောင် ချိုးနှိမ်ဆက်ဆံထားတာ ဖြစ်ပါတယ်။ တပ်မှူးအချင်းချင်း ဆက်ဆံရေးမှာလည်း အဲ့ဒီလိုပါပဲ။ အမိန့်ဆိုတာရဲ့နောက်ကွယ်မှာ လူ့သိက္ခာ မရှိပါ၊ လူသားချင်းစာနာစိတ်ဆိုတာမရှိပါ။

            နအဖဟာ နိုင်ငံရေးသမားတွေကို အမျိုးမျိုး ချိုးနှိမ်ပြီး သိက္ခာချနေပါတယ်။ သူ့ရဲ့ စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းအားလုံးကို နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်ဆိုပြီး လုပ်ထားပါတယ်။ အဓိပ္ပါယ်က စစ်အစိုးရရဲ့ အရပ်ဘက်ဝန်ထမ်း၊ စစ်ဘက်ဝန်ထမ်းအားလုံးဟာ နိုင်ငံရေးအသိ ခေါင်းပါးအောင် လုပ်ထားပါတယ်။ ဝန်ထမ်းတွေကိုအခြေခံပြီး ဖွဲ့စည်းထားတဲ့ ပြည်ခိုင်ဖြိုးလို့ခေါ်တဲ့ ကြံ့ဖွံ့ကို လူမှုရေး အသင်းအဖွဲ့အဖြစ်နဲ့ ဖွဲ့စည်းပါတယ်။ နအဖထိပ်သီးကြီးတွေ နာယကလုပ်ပါတယ်။ ဒီလိုအကျင့်ပျက် နအဖထိပ်သီးတွေ နာယကလုပ်ပြီး အကျင့်ပျက်ဝန်ထမ်းတွေကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့ အစည်းကို နိုင်ငံရေးအင်အားစုတခုအဖြစ် ဖွဲ့စည်းတယ်လို့ ဆိုပြန်တယ်။ နိုင်ငံရေးအလုပ်ကို ကိုယ် ကျိုးရှာတဲ့ အလုပ်လို့ပဲ နားလည်တဲ့ နအဖနဲ့ သူ့ရဲ့အဖွဲ့အစည်းဖြစ်တဲ့ ကြံ့ဖွံ့ဟာ ဘယ်လိုများ ပြည်သူ လူထုအကျိုး၊ အများအကျိုးကို စဉ်းစားနိုင်စွမ်းရှိပါ့မလဲ။ ကြံ့ဖွံ့ကို စွမ်းအားရှင်ဆိုတဲ့ လူမိုက်ဂိုဏ်း တွေနဲ့ ခြံရံထားလိုက်ပါတယ်။

            ဒီလို စုတ်ပြတ်သတ်နေတဲ့ စစ်ဗျူရိုကရက်ယန္တယားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆိုသူ စစ်အုပ်စုနံပါတ် (၁) ကြီးရဲ့ အမိန့်နဲ့ တသွေးတသံတမိန့် လည်ပတ်နေတာဖြစ်တယ်။ ဒီလို ယန္တယားမျိုးကို စည်းကမ်းရှိသော ဒီမိုကရေစီဆိုပြီး ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေက အာမခံ ပုံဖေါ်ပါ လိမ့်မယ်။ အခု ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေဟာ အသက်ဝင် အာဏာတည်သေးတာမဟုတ်ပါ။ ဒါတောင် အလုပ်သမား၊ လယ်သမားတွေအပေါ် မတရား လုပ်အားယူတာ၊ မတရား မြေယာသိမ်း တာ၊ စိုက်ပျိုးသီးနှံတွေကို အကြောင်းမဲ့ ဖျက်ဆီးခံရတာတွေဟာ မမြင်ချင် မကြားချင်အဆုံး ဖြစ်နေ တယ်။ ကျေးလက်ရော၊ မြို့ပေါ်မှာပါ လူမျိုးစုံပြည်သူလူထုကြီးမှာ ကျီးလန့်စာစားဘဝ ဖြစ်နေရ တယ်။ နိုင်ငံရေးသမားတွေကို မကြုံဖူး၊ မကြားဖူး ထောင်ဒဏ်တွေ ချနေတယ်။ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေသာ အသက်ဝင်အာဏာတည်လာရင် နအဖရဲ့လမ်းညွှန် (၇) ချက်ဟာလည်း ပြည့်စုံသွားပြီ ဖြစ်တော့ သတင်းစာဆရာကြီး ဦးဝင်းတင်ပြောသလိုပဲ ငရဲပြည်ရောက်သွားတာပဲ ဖြစ်သွားပါလိမ့် မယ်။ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေသက်ဝင်လှုပ်ရှား အာဏာတည်သွားရင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ နှုတ်မိန့်ကို ပါလီမန်က ဥပဒေပြုပေးလိမ့်မယ်။ တရားရေးဌာနက အဲ့ဒီအတိုင်း အဆုံးအဖြတ်လုပ်ပါ လိမ့်မယ်။ အစိုးရအဖွဲ့က အကောင်အထည်ဖေါ်ပါလိမ့်မယ်။ အဲ့ဒီတော့ ဗမာပြည်ဟာ ဝေသာလီပြည် ဘီလူးဝင်ကိန်းဆိုက်မှာ သေချာနေပါတယ်။

            ဒီအခြေအနေမျိုးဟာ အုပ်စိုးသူ နအဖစစ်အစိုးရအနေနဲ့ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိ တော့ဘူးဆိုတာကို ဖေါ်ပြနေတာ၊ လူမျိုးစုံပြည်သူလူထုကလည်း သည်းခံနိုင်စွမ်းကုန်ဆုံးပြီဆိုတာ ဖေါ်ပြနေတာ ဖြစ်တယ်။ ဆိုလိုတာက အုပ်စိုးသူ စစ်အစိုးရကလည်း အပြောင်းအလဲလိုချင်တယ်။ အုပ်စိုးခံ ပြည်သူလူထုကလည်း အပြောင်းအလဲလိုချင်တယ်။ ဒီအခြေအနေမျိုးဟာ ထစ်ကနဲဆို ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဒီတချီအပြောင်းအလဲဟာ ပြင်းထန်ပါလိမ့်မယ်။ အကြာင်းကတော့ အညင်သာဆုံး အပြောင်းအလဲဖြစ်စေဖို့အတွက် NLD နဲ့ CRPP က တင်ပြနေတာတွေကို စစ်အစိုးရ က မသိကျိုးကျွံပြုမြဲပြုနေလို့ ဖြစ်ပါတယ်။

            အကြမ်းဖက်ဖိနှိပ်ရင် ဘယ်လိုအင်အားစုမျိုးမှ မခံနိုင်ဘဲ ငြိမ်ဝပ်ပိပြားသွားလိမ့်မယ်လို့ စစ်အစိုးရက ယုံကြည်နေပါတယ်။ အဲ့ဒါကိုက မဟာအမှားဖြစ်ပါမယ်။ ဗမာပြည်သူတွေဟာ သမိုင်း တလျှောက်မှာ ဖိရင်ကြွမယ်၊ ထိရင်ချမယ်ဆိုတဲ့ အစဉ်အလာကောင်းတဲ့ ပြည်သူတွေဖြစ်ပါတယ်။ နေမဝင်အင်ပါယာပိုင်ရှင်ကိုလည်း နေဝင်စေခဲ့ပြီ။ ဖက်ဆစ်တွေကိုလည်း အောင်နိုင်ခဲ့ပြီ။ မတရားတဲ့ အုပ်စိုးသူအဆက်ဆက်ကိုလည်း မလှမပ နိဂုံးချုပ်စေပါလိမ့်မယ်။

            ဒါပေမဲ့ အောင်ပွဲအတွက် အရင်းအနှီးက ပေးရစမြဲဖြစ်တယ်။ အခုဒီစစ်အုပ်စုနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ပေးရတဲ့အရင်းအနှီးဟာ တကြိမ်ထက်တကြိမ် ပိုကြီးမားပါတယ်။ ဒီအတွက် လာမဲ့ အနာဂတ် ကာလမှာ ပေါက်ကွဲမှုဟာ ပိုပြီးပြင်းထန်ဖို့ပဲ အကြောင်းများပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူထု ကြီးမှာ ပြီးခဲ့တဲ့ကာလက တိုက်နည်းမျိုးနဲ့ လုပ်လို့မရတော့ဘူးဆိုတာ နားလည်နေပြီဖြစ်တာကြောင့် ကြိတ်ပြီးအားမွေးတာကို လုပ်ပါလိမ့်မယ်။ ထစ်ကနဲဆို ဝုန်းကနဲ ပေါက်ကွဲတဲ့အခြေအနေကို ပြင်ဆင် မှုရှိရှိနဲ့ စောင့်နေပါလိမ့်မယ်။ တပ်မတော်ထဲက လူထုဘဝကို စာနာတတ်တဲ့ တပ်မှူးတပ်သားတွေ ဟာလည်း ကြိတ်ပြီးအားမွေးကာ အခြေအနေအချိန်အခါကို စောင့်ပြီး ထစ်ကနဲဆို တကယ်ပေါက်ကွဲ လောက်ပြီဆိုတဲ့ အချိန်မှာ နအဖနဲ့ လမ်းခွဲပါလိမ့်မယ်။ ဒီလို အချိန်စောင့်နေတဲ့ကာလတခုမှာတော့ ဘာမှလှုပ်ရှားမှုမရှိတော့သလို ဒါမှမဟုတ် ထိရောက်မှုမရှိတဲ့ လှုပ်ရှားမှုလိုလိုပဲ ဖြစ်နေပါလိမ့်မယ်။ တဘက်မှာ ဒီလိုကာလမှာပဲ စိတ်ပျက်အားလျှော့တာ၊ အားမလိုအားမရဖြစ်တာတွေ ဖြစ်ပေါ်တတ်ပါ တယ်။ တကယ်တော့ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခါနီးမှာ ဖြစ်ပေါ်တတ်တဲ့ ငြိမ်သက်မှုကလေးမျှသာ ဖြစ်ပါတယ်။

             ပြည်သူလူထုကြီးနဲ့ ဗမာ့လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့ မျိုးဆက်ဟောင်းကြီးတွေရဲ့ မျှော် လင့်ချက်ကို မျိုးဆက်သစ်တွေက ပြည်သူလူထုကြီးနဲ့အတူ မုချ အကောင်အထည်ဖေါ်ပါလိမ့်မယ်။ မျိုးဆက် ဟောင်းကြီးတွေရဲ့တာဝန်ကို မျိုးဆက် တဆက်ပြီးတဆက် ဆက်တိုက် တာဝန်ယူနေကြပါ တယ်။ အခြေအနေသစ်မှာ နည်းနာသစ်တွေနဲ့ မဆုတ်မနစ် ကြိုးစားနေကြပါတယ်။ ဘယ်လို အခက်အခဲ ဘယ်လိုအတားအဆီးကိုမှ မမှုဘဲ၊ အသက်အန္တရာယ်ကိုပင် ပဓာနမထားဘဲ လုံးပမ်းနေ ကြပါတယ်။ မျိုးဆက်အဆက်ဆက်တို့ဟာ စည်းလုံးညီညွတ်ကြပြီး ပြည်သူလူထုနဲ့ တသားတည်း ဖြစ်အောင် လှုပ်ရှားစည်းရုံးမယ်ဆိုရင် စစ်အုပ်စုကို အမှန်ပဲ ဖျက်သိမ်းပစ်နိုင်မှာဖြစ်ပါတယ်။

*****

မောင်မိုးဦး
ဇန်နဝါရီ ၂ - ၂၀၀၉

 

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.