ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

စစ်ဘီလူးကို နိုင်ငံရေးဇာတ်ခုံပေါ်က ဆွဲချဖယ်ရှားပစ်ကြ            

               ဗမာပြည်ဟာ လွတ်လပ်ရေးပြန်လည်းရရှိဖို့ နှစ်ပေါင်းရာနဲ့ချီပြီး လုံးပမ်းခဲ့ရပါတယ်။ ဒီမိုကရေစီရရှိဖို့ လုံးပန်းရတာကတော့ နှစ်ပေါင်း ၆၀ ကျော်သွားပါပြီ။ လွတ်လပ်ရေးရခါနီးနဲ့ လွတ်လပ်ရေးရစကာလတွေမှာ ဒီမိုကရေစီအငွေ့အသက်တွေ အတော်လွှမ်းတာကြောင့် နိုင်ငံရေး အင်အားစုအားလုံး၊ လူမျိုးပေါင်းစုံပြည်သူတရပ်လုံး အလွန်ဝမ်းသာအားရ လန်းဆန်းတက်ကြွနေ ကြပါတယ်။ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံတခုအဖြစ် ထူထောင်မယ်။ ကမ္ဘာမှာ အမျိုးသားဂုဏ် သိက္ခာ မြင့်မားတဲ့၊ ဖွံ့ဖြိုးတိုးတက်သာယာဝပြောတဲ့ နိုင်ငံတခုအဖြစ်ထူထောင်ကြမယ်ဆိုတဲ့ ယုံကြည် မျှော်လင့်ချက်တွေ အပြည့်ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီအငွေ့အသက်တွေ တစတစ ပျက်ပြယ် ပြီး ပြည်တွင်းစစ်မီးကြီး ထတောက်တဲ့အခါမှာတော့ ပြည်သူလူထုကြီးမှာ လွတ်လပ်ရေးအရသာရော ဒီမိုကရေစီရနံ့ပါ ပျောက်ကွယ်သွားရပြီး ပြည်တွင်းစစ်မီးပင်လယ်ထဲမှာ ကမ်းမမြင်လမ်းမမြင် ဖြတ်သန်းကူးခတ်နေရတာ ကနေ့အထိပါပဲ။

            ၁၉၆၂ ခုနှစ်ရောက်တဲ့အခါမှာတော့ ပြည်တွင်းစစ်မီးစွယ်ကို စားသုံးရင်း လူလားမြောက် လာတဲ့ စစ်ဘီလူးဟာ တိုင်းပြည်အာဏာကို အပြီးအပိုင် သိမ်းယူလိုက်ပါတယ်။ ဒီစစ်အုပ်စုဟာ အဲ့ဒီကာလမှာရှိနေတဲ့ လူထုတိုက်ပွဲနဲ့ နိုင်ငံတကာအခြေအနေတွအရ နိုင်ငံရေးပါတီတခု ထူထောင် ပြီး အခြေခံဥပဒေတခု ရေးဆွဲကာ အရပ်သားအစိုးရအသွင်ဆောင်ပြီး အတုအယောင် ဆိုရှယ်လစ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ လှုပ်ရှားခဲ့တယ်။ ဒီမိုကရေစီအခြေခံနဲ့ ရေးဆွဲ ခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချေဖျက်ပစ်ဖို့ ဗိုလ်နေ၀င်းစစ်အုပ်စုဟာ ၁၂ နှစ်တာ အချိန်ယူခဲ့တယ်။ ဘောင်းဘီချွတ် အရပ်သားအသွင်ဆောင်တဲ့ ဆိုရှယ်လစ်ဒီမိုကရေစီ အတု အယောင် ကြွေးကြော်သံနဲ့လုပ်ခဲ့တော့ နိုင်ငံရေးအင်အားစု အတော်များများဟာ မျက်စေ့လည်သွား ကြပြီး ၁၉၇၄ အခြေခံဥပဒေကို ထောက်ခံတာ လုပ်မိကြပါတယ်။ မထောက်ခံရင်တောင် ဆန့်ကျင် ကန့်ကွက်တာ မလုပ်ခဲ့ကြပါဘူး။

            အဲ့ဒီ ၁၉၇၄ အခြေခံဥပဒေနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာဟာ ဗိုလ်နေ၀င်းစစ်အုပ်စု စစ်ဘီလူးကို မင်းသားမျက်နှာဖုံး စွပ်ပေးတာသာဖြစ်ခဲ့တယ်။ ဒါကြောင့် ဒီမိုကရေစီအငွေ့အသက် ကလေး နဲနဲမှမပါတဲ့ အဲ့ဒီအခြေခံဥပဒေ အတည်ပြုတဲ့နှစ်မှာပဲ အလုပ်သမား၊ ကျောင်းသား၊ လယ် သမားတွေနဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်တာပဲ။ အဲ့ဒီလှုပ်ရှားမှုတွေကို မဆလ အမည်ခံ စစ်အုပ်စုက ၆၂ ခုနှစ် အာဏာသိမ်းစဉ်က စစ်ဘီလူးဇာတိပြတဲ့ ဇူလိုင် (၇) ရက် သွေးထွက်သံယိုနှိမ်နင်းမှု လုပ်သလိုပဲ စစ်ဘီလူးဇာတိပြကာ အလုပ်သမား၊ ကျောင်းသား၊ လယ်သမားပြည်သူတွေကို ရက်ရက်စက်စက်ပဲ နှိမ်နင်းပါတယ်။ ပြည်တွင်းစစ်အရှိန်ကိုလည်း ထပ်မြှင့်တင်ပါတယ်။ ပြည်တွင်း စစ်မှာ အရက်စက်ဆုံးဖြစ်တဲ့ ဖြတ်လေးဖြတ်စနစ်ကို ၁၉၇၄ အခြေခံဥပဒေအောက်မှာ အပြင်းထန် ဆုံး ကျင့်သုံးခဲ့တာဖြစ်ပါတယ်။

            ပြည်သူလူထုကြီးဟာ စစ်အစိုးရကို စိုက်လိုက်မတ်တပ်ပဲ ဆန့်ကျင်ပါတယ်။ နည်းနည်းမှ မတွေဝေပါ။ စစ်အုပ်စုကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး စစ်အုပ်စုကို ဖယ်ရှားပစ်မှသာ ဒီမိုကရေစီ လမ်းစပွင့်မယ်ဆိုတာ ပြည်သူလူထုကြီးက နားလည်ပါတယ်။ လူမျိုးစုံပြည်သူလူထုကြီးဟာ ဒီမို ကရေစီကိုသာ အာသာငမ်းငမ်းဆန္ဒရှိနေတာဖြစ်ပါတယ်။ ဒီ့အပြင် စစ်အုပ်စုကို ဆန့်ကျင်ရာမှာ နည်းမျိုးစုံ၊ တိုက်ပွဲမျိုးစုံ တိုက်ပွဲအဆင့်ဆင့်နဲ့ အချိန်ကြာချင်ကြာပါစေ ဇွဲနဲ့ တိုက်ပွဲဝင်ရမယ်ဆိုတာ လူမျိုးစုံပြည်သူလူထုကြီးက နားလည်တယ်။ ဒါကြောင့် တိုက်ပွဲမျိုးစုံ၊ သဏ္ဍာန်မျိုးစုံနဲ့ စစ်အုပ်စုကို ဇွဲနဘဲနဲ့ အဆက်မပြတ် ဆန့်ကျင်ခဲ့ကြလို့ ၁၉၈၈ ခုနှစ်မှာ တိုက်ပွဲပေါင်းစုံရဲ့ဆုံချက်ကို ရောက်လာ ပါတယ်။ ဒီ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ စစ်ဘီလူးရဲ့ မင်းသားမျက်နှာဖုံးကို ခွာချနိုင်ခဲ့ပါတယ်။

            စစ်အုပ်စုကလည်း လူအထောင်အသောင်းကို လမ်းပေါ်မှာ နေ့လည်ကြောင်တောင် ပစ် သတ်ပြီး စစ်ဘီလူးဇာတိပြကာ အာဏာသိမ်းပြန်ပါတယ်။ တဖက်မှာ နိုင်ငံရေးပါတီတွေ ဖွဲ့ခွင့်ပေး၊ ရွေးကောက်ပွဲကျင်းပပြီး အရပ်သားအစိုးရကို အာဏာလွှဲမယ်ဆိုတဲ့ကတိနဲ့ ပြည်သူလူထုကို လိမ်လည်အချိုသတ်ခဲ့တယ်။ ၉၀ ခုနှစ်ရွေးကောက်ပွဲပြီးတော့ အာဏာလည်းမလွှဲ၊ ဒီမိုကရေစီလဲ မဖေါ်ဆောင်ပဲ အလိမ်ပေါ်ခဲ့ပြန်တယ်။ ပြည်သူလူထုကတော့ စစ်အုပ်စုကို အယုံအကြည်မရှိဘဲ နည်း မျိုးစုံနဲ့ ဆက်လက်တိုက်ပွဲဝင်သွားခဲ့တာပဲဖြစ်တယ်။  ဒါကြောင့်လည်းစစ်အုပ်စုက အခြေခံဥပဒေသစ် ရေးဆွဲဖို့ အခြေခံမူတွေချမှတ်တဲ့ အမျိုးသားညီလာခံကို ကျင်းပလိုက်၊ ရပ်လိုက်နဲ့ ၁၄ နှစ်ကြာ အချိန် ယူခဲ့ရတယ်။ အမျိုးသားညီလာခံမှာ တကယ့်ပြည်သူလူထုရဲ့ ကိုယ်စားလှယ်တွေ တယောက်မှမရှိ တော့အောင် နည်းမျိုးစုံနဲ့လုပ်ပြီးမှ လိုချင်တဲ့ အခြေခံမူကို စစ်အုပ်စုက အကြပ်ကိုင်ပြီး ချရတာ ဖြစ် သွားတယ်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ ချသလို နားလှည့်ပါးရိုက်ချတာမဟုတ်ပဲ ဘယ်သူသဘော တူတူ၊ မတူတူ ချမှတ်တယ်ကွဆိုတဲ့ သဘောနဲ့ အခုဖွဲ့စည်းပုံအခြေခံမူကို ချရတာဖြစ်တယ်။ ဒီနောက် မှာ အမျိုးသားညီလာခံ ကျင်းပပြီးဆုံးပြီလို့ ကြေညာတယ်။

            ဒီလို အခြေခံမူချပြီးနောက် အခြေခံဥပဒေကိုတော့ တံခါးပိတ်ပြီး ရေးဆွဲတော့တာပါပဲ။ အခုတော့ တံခါးပိတ်ရေးဆွဲတဲ့ အခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုမယ်။ ပြီးရင် ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာတယ်။ လူထုဆန္ဒခံယူပွဲမှာလည်း နည်းမျိုးစုံ ကောက်ကျစ်စဉ်းလဲ စွာ လုပ်တာ၊ ခြိမ်းခြောက်မှု မသမာမှုအမျိုးမျိုး လုပ်တာ၊ နိုင်ငံရေးအကျဉ်းသားတွေ တိုးပွားအောင် လုပ်ရုံမက နိုင်ငံရေးကိစ္စကြောင့် ချောင်းမြောင်းရိုက်နှက်၊ သတ်ဖြတ်တာတွေတောင် လုပ်နေပြန်ပါ တယ်။ ဘာပဲဖြစ်ဖြစ် စစ်အုပ်စုဟာ အခြေခံဥပဒေကို အတည်ပြုပြီး ရွေးကောက်ပွဲဆိုတာလုပ်ကာ မင်းသားမျက်နှာဖုံးကို ပြန်ကောက်စွပ်မှာကတော့ အသေအချာပါပဲ။ အခုလူထုဆန္ဒခံယူပွဲမှာ နိုင်လည်းနိုင်ရမယ်၊ ရှုံးလည်းနိုင်ရမယ်ဆိုပြီး လုပ်မှာပါပဲ။ ပြည်သူလူထုကြီးနဲ့ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးအင်အားစုအားလုံးကလည်း ကန့်ကွက်မဲပေးကြမှာ အသေအချာပါပဲ။ ဒီပွဲမှာ ပြည်သူလူထု ကြီးနဲ့ ဒီမိုကရေစီအင်အားစုတွေက ပြတ်ပြတ်သားသား စည်းစည်းလုံးလုံး ရှိကြပါတယ်။

            စစ်အစိုးရဟာ သူ့လမ်းညွှန် ၇ ချက်အရ အဆင့် ၄ လူထု ဆန္ဒခံယူပွဲပြီးရင် အဆင့် ၅၊ ၆၊ ရ ဆိုတာတွေကို တက်လှမ်းပါလိမ့်မယ်။ လူမျိုးစုံပြည်သူလူထုကြီးနဲ့ ဒီမိုကရေစီအင်အားစုတွေဟာ အဆင့်တိုင်းမှာ တိုက်ပွဲဆင်ခဲ့ကြပါတယ်။ အခု အဆင့် ၄ မှာ အစည်းလုံးဆုံး၊ အညီညွတ်ဆုံးနဲ့ ပစ်မှတ်ကို အထိမိဆုံး စူးစိုက်ထားလိုက်နိုင်ပြီဖြစ်ပါတယ်။ ဒါဟာ ရှေ့တဆင့်တိုက်ပွဲတွေအတွက် အခြေခံကောင်းတွေကို တည်ဆောက်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ် မဆလ နဲ့ အခြေခံ ဥပဒေဟာ လူအတော်များများ ဇဝေဇ၀ါဖြစ်နေချိန် စစ်အုပ်စုက နားလှည့်ပါးရိုက်ပြီး ချမှတ်နိုင်ခဲ့ တယ်။ ဒီလိုချမှတ်နိုင်တဲ့ အခြေခံဥပဒေတောင် စတင်အတည်ပြုတဲ့နှစ်မှာပဲ အလုပ်သမား၊ လယ် သမား၊ ကျောင်းသားနဲ့ မြို့နေလူထုရဲ့ တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရတာဖြစ်သွားပါတယ်။ ၁၄ နှစ်ပဲ ခံပါ တယ်။ အခု ၂၀၀၈ ခုနှစ်မှာ အတည်ပြုတဲ့ အခြေခံဥပဒေက လူမျိုးစုံပြည်သူလူထုကြီးနဲ့ ဒီမိုကရေစီ နိုင်ငံရေးအင်အားစုတွေ တခဲနက် ဆန့်ကျင်ကန့်ကွက်တဲ့ကြားက အတည်ပြုမှာဖြစ်တော့ ရှေ့မှာ ကြီးမားတဲ့ တိုက်ပွဲတွေနဲ့ မုချရင်ဆိုင်ရမှာ သေချာပါတယ်။ စစ်အုပ်စုက ဒီအခြေခံဥပဒေကို အတည် မပြုရင် ဒီမိုကရေစီရမှာမဟုတ်ဘူးလို့လည်းပြောထားတာရှိပါတယ်။ ဆိုလိုတာက မင်းသားမျက်နှာဖုံး မစွပ်ရလည်း ဘီလူးကပဲ ဆက်ကမယ်ဆိုတာပါပဲ။ ဒီတော့ ရှေ့မှာ ခက်ခဲပေမဲ့ ပြင်းထန်တဲ့ တိုက်ပွဲ မျိုးစုံနဲ့ လူထုကြီးကလည်း တိုက်ဖို့ပြင်ဆင်မှုတွေ တွေ့ရှိနေရပြီဖြစ်တော့ ဒီမိုကရေစီတိုက်ပွဲဟာ အတော်စည်လာပါလိမ့်မယ်။

            တကယ်တော့ စစ်အုပ်စုဟာ ဖင်မနိုင်ဘဲ ပဲစားနေတာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ စစ်အစိုးရဟာ သူ့လမ်းပြမြေပုံအဆင့် ၅၊ ၆၊ ၇ ကို ဆက်လက်အကောင်အထည်ဖေါ်ရင် လူထုတိုက်ပွဲမျိုးစုံကတော့ ပြတ်တယ်လို့တောင် ရှိမယ့်ပုံမပေါ်ပါ။ စစ်အုပ်စုအတွင်းမှာလည်း မဖြေ ရှင်းနိုင်တဲ့ ပြဿနာတွေ မလွဲမသွေ ပေါ်ပေါက်ပါလိမ့်မယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ အခရာ ကျသူဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပဲ ဖြစ်ပါတယ်။ စစ်အုပ်စုထိပ်သီးဟာ မပိုင်နိုင်ရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာမှာပဲ နေလိမ့်မယ်။ သမ္မတတက်မလုပ်ပါဘူး။ နောက်တက် လာတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပိုင်နိုင်အောင်ကိုင်ထားနိုင်တယ်ဆိုမှ လက်ရှိ ကာကွယ် ရေး ဦးစီးချုပ်ဟာ သမ္မတတက်လုပ်မှာပါ။ ဒါကြောင့် ရှေ့မှာ စစ်အုပ်စုဝင်တွေဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နေရာကို လုကြရပါလိမ့်မယ်။ ဒီကိစ္စဟာ စစ်အုပ်စုအတွင်း ဘယ်လိုမှ ဖြေရှင်း မရတဲ့ ကိစ္စပါ။ နန်းလုပွဲလိုလုပ်ပြီး အဆုံးသတ်ရမှာချည်းပဲ။

            ဗိုလ်နေ၀င်းဟာ ဗိုလ်စန်ယုကို မီးသေအောင် ကိုင်နိုင်လို့ သမ္မတရာထူးက ထွက်ပေးခဲ့ တယ်။ ဒါပေမဲ့ မဆလဥက္ကဌအဖြစ်နဲ့ စစ်အုပ်စုနံပတ် (၁) နေရာကို ဆက်ကိုင်ထားခဲ့တယ်။ လူထု တိုက်ပွဲမြင့်လာလို့ မဆလ ကို ဖျက်ရတော့တဲ့အခါ စစ်အုပ်စု နံပတ် (၁) နေရာကို ဘယ်လိုနေရာက နေပြီး ကိုင်ရမယ်ဆိုတာ ဗိုလ်နေ၀င်းအတွက် အခက်တွေ့တယ်။ စစ်တပ်အတွင်းပြန်သွားပြီး နံပတ် (၁) နေရာ ဆက်ထိန်းဖို့ကလည်း မဖြစ်နိုင်တော့ပါ။ ဒီလိုအရှုတ်အထွေးကြားထဲမှာပဲ ဗိုလ်သန်းရွှေ စစ်အုပ်စု နံပတ် (၁) နေရာရလာပြီး ဗိုလ်နေ၀င်းကို နတ်နေကိုင်းအဖြစ်တောင် မထားတော့ဘဲ ဖယ်ရှားခဲ့တယ်။ နန်းလုပွဲတပွဲ ဒီလိုတွေ့ခဲ့ကြရပါတယ်။ အဲ့ဒီတုန်းက အကွက်မြင်တဲ့ ဗိုလ်နေ၀င်း က အာဏာကို ချောချောမွေ့မွေ့ အဆင်ပြေပြေ လွှဲမယ်ဆိုတာ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ စစ်အုပ်စုဆိုတာ တဦးချင်း အဏာရှင်စနစ်နဲ့ ဖွဲ့စည်းထားတာဖြစ်တော့ အမွေဆက်ခံရေးပြဿနာဟာ ဘယ်လိုမှ မဖြေရှင်းနိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ ပဒေသရာဇ်စနစ်မှာတော့ အဖေပြီးရင် သားကြီးဆက်ခံရတဲ့ အစဉ်အလာလုပ်ထားတော့ သာမန်ဆိုရင် အဆင်ပြေပါတယ်။ ဒါတောင် အတောမသတ်နိုင်တဲ့ နန်းလုပွဲတွေဖြစ်ခဲ့တာပဲ။ အခု စစ်အုပ်စုဟာ ဒီနံပတ် (၁) ပြဿနာကို ဘယ်လိုမှ ဖြေရှင်းနိုင်စွမ်းမရှိ တာတော့ အသေအချာပါပဲ။ ဒါကြောင့် ဗိုလ်သန်းရွှေ အိုကြီးအိုမဖြစ်တာတောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကုလားထိုင်က တလက္မတောင် မရွှေ့ရဲတာပါ။

            အခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေဟာ မင်းသားမျက်နှာဖုံးအခန်းက ပါဝင်ပြီး စစ်အုပ်စုဘီလူးကို ဖုံးကွယ်ပေးရမှာ ဖြစ်ပါတယ်။ စစ်အုပ်စုဘီလူးရဲ့ ထိပ်သီးကတော့ ကာကွယ်ရေးဦးစီးချုပ်မှာပဲ ရှိပါလိမ့်မယ်။ ဒီအခြေခံ ဥပဒေအရ တပ်မတော်ဟာ အထူးအခွင့်အရေးရှိတဲ့ အဖွဲ့အစည်းတခု၊ ဒီမိုကရေစီနည်းအရမဟုတ်ဘဲ ဗျူရိုကစီနည်းနဲ့ ဖွဲ့စည်းအုပ်ချုပ်တဲ့ အဖွဲ့အစည်းတခုဖြစ်တယ်။ ဒီအဖွဲ့အစည်းရဲ့ ထိပ်သီးကို ဘယ်သူ ကမှ ရွေးချယ်တင်မြှောက်ခွင့်၊ ဖြုတ်ချခွင့်ရှိတာမဟုတ်ပါ။ သူ့ဟာသူ တခြားတယောက်ကို လွှဲချင်လွှဲ၊ မလွှဲချင်ရင် နန်းလုတာပဲဖြစ်ပါတယ်။ စစ်အုပ်စုရဲ့အနာဂတ်ဟာ ပင်ကိုယ်သဘာဝကိုက မလှမပပါပဲ။

            ဒီလို စစ်အုပ်စုက ထင်တိုင်းကျဲ ခြယ်လှယ်ခွင့်ရှိတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေဟာ ဒီမို ကရေစီကို ဖေါ်ဆောင်ဖို့နေနေသာသာ ဗျူရိုကရေစီကို ခိုင်သထက်ခိုင်အောင်လုပ်ဖို့ ရေးဆွဲထားတဲ့ အခြေခံဥပဒေပဲဖြစ်ပါတယ်။ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရကို ဖျက်သိမ်းပစ်မှသာ ဒီမိုကရေစီလမ်းစ တကယ်ပွင့်သွားမယ်ဆိုတာ လူမျိုးစုံပြည်သူလူထုကြီးဟာ ခါးသီးတဲ့ အတွေ့အကြုံ အရ သိရှိထားပြီး ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် လူထုဆန္ဒခံယူပွဲမှာ တညီတညွတ်တည်း ဆန့်ကျင် ကန့်ကွက်မဲပေးတဲ့ စိတ်ဓာတ်၊ လုပ်ဟန်တွေကို တဆင့်တက် တိုးပွားစေပြီး ဗမာပြည်မှာ ဒီမိုကရေစီ လမ်းစပွင့်တဲ့အထိ တိုက်ပွဲဝင်သွားကြရမှာဖြစ်ပါတယ်။ မင်းသားမျက်နှာဖုံးစွပ်ပြီး ဘီလူးက ကသည် ဖြစ်စေ၊ ဘီလူးကကို ဗြောင်ပဲကသည်ဖြစ်စေ စစ်အုပ်စုဘီလူးကို နိုင်ငံရေးဇာတ်ခုံပေါ်က ဆွဲချပစ်ရ မှာကတော့ အသေအချာဖြစ်ပါတယ်။ စစ်အုပ်စုထိပ်သီးရဲ့ နန်းလုပွဲတွေနဲ့ လွှတ်တော်တွင်း၊ အစိုးရ တဖွဲ့အတွင်း ဘောင်းဘီဝတ်နဲ့ ဘောင်းဘီချွတ်တွေရဲ့ စားခွက်လုပွဲတွေကလဲ ခြိမ့်ခြိမ့်သဲသဲဖြစ်ပြီး လူထုတိုက်ပွဲတွေအတွက် အခွင့်သာချက်တွေ ဖြစ်ပေါ်လာမှာကတော့ မလွဲပါပဲ။

*****

မာင်မိုးဦး  
မေလ ၁ ရက်နေ့၊ ၂၀၀၈   

 

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.