|
နိုင်ငံရေးလက်ဦးမှု လက်မလွတ်ရေး
ဒေါ်အောင်ဆန်းစုကြည်ကို ကြံဖန်အမှုဆင်ပြီး
ရုံးတင်ခြင်းသည် ဤကာလ
ဗမာပြည်နိုင်ငံရေးဖြစ်စဉ် တွင်
ဒီပဲယင်းအရေးအခင်းနှင့် တတန်းတည်းထားရမည့်
အဖြစ်အပျက်တခုဖြစ်သည်။ နအဖ၏ လက္ခဏာမှာ ၁၉၈၈
ခုနှစ်ကစလို့ ဒီနေ့အထိ
ဘာမှပြောင်းလဲခြင်းမရှိကြောင်းကို ဤကိစ္စက
ဖော်ပြ နေပေသည်။ ၈၈ မှာ လူသတ်သည်၊
ဒီပဲယင်းမှာ လူသတ်သည်၊
စက်တင်ဘာသံဃာ့အရေးအခင်းမှာ သံဃာကိုသတ်သည်၊
ယခု ၂ဝဝ၉ တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို
နိုင်ငံရေးအရ အသေ သတ်ရန် လုပ်နေပြန်သည်။
နအဖနှင့်ပတ်သက်၍ အကောင်းမြင်စရာ
တကွက်မှမရှိ၊ စိတ်ကူးယဉ် စရာ
နည်းနည်းမှမရှိ၊ ပြည်သူတွေအတွက် ဗလာနတ္ထိ။
၂ဝ၁ဝ ရွေးကောက်ပွဲနှင့်
နီးလာလေလေ နအဖ၏ ယုတ်မာမှုတွေ၊
ရက်စက်မှုတွေကို တွေ့ရလေလေ ဖြစ်နေသည်။
ဤသည်မှာ တိုက်ဆိုင်မှုလုံးဝမဟုတ်။
သူတို့တတွေ စိတ်ကို ဒုံးဒုံးချပြီး
အပြတ်လုပ်နေခြင်းဖြစ်သည်။ ဤသည်မှာ
သူတို့လက်ထဲတွင် အာဏာဆက်လက်တည်ရှိရေး၊
အသက်ရှင်ရပ်တည်ရေးတို့နှင့်
တိုက်ရိုက်ဆက်စပ်နေသည်။ ထို့ကြောင့်
ဤအတွက် ဘာကိုမဆို သူတို့လုပ်မည်။
လိုအပ်လျှင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
ဖျက်သိမ်းပစ်မည်။ ဒေါ်အောင်ဆန်းစုကြည် ကို
တသက်ပတ်လုံး ထောင်ထဲမှာထားမည်။
သတ်စရာလိုလျှင် ဘယ်သူ့ကိုမဆို ဖမ်းမည်၊
သတ်မည်။
ဒီလိုအချိန်မှာ ပြည်သူတွေဖက်က
ဘာလုပ်မလဲ။ နအဖ၏ ရွေးကောက်ပွဲကိုဝင်၍
ရောယိမ်း လိုက် ဘသားယိမ်းလိုက်
လုပ်မည်လော။ မီးစင်ကြည့်ရုံပဲဟု
ဆုံးဖြတ်မည်လော။
သေချာသည်မှာ ဗမာပြည်ကို
အုပ်စိုးမှု၏ အနှစ်လက္ခဏာမှာ
ဤရွေးကောက်ပွဲကို ကျင်းပ သဖြင့်
ပြောင်လဲသွားမည်မဟုတ်သလို အုပ်စိုးသူများ၏
သဘောထား၊ ပေါ်လစီများမှာလည်း
ရွေးကောက်ပွဲမတိုင်မီနှင့်
ရွေးကောက်ပွဲပြီးသည့်နောက် ဘာမျှ
ခြားနားမည်မဟုတ်ဆိုသည်ကို
သဘောပေါက်ကြရမည်။
အာဏာကိုသာ ကိုင်ထားနိုင်လျှင်
ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို
ဖျက်ပစ်နိုင်သည်၊ ရေးဆွဲ နိုင်သည်၊
အတည်ပြုနိုင်သည်။ နောက်ပြီး
ရွေးကောက်ပွဲတွေလည်း အကြိမ်ကြိမ်
ကြိုက်သလို ကျင်းပနိုင်သည်။
ရလဒ်ကိုမကျေနပ်လျှင် အာဏာကိုလွှဲမပေးဘဲ
နေနိုင်သည်။ ဗမာပြည်က
စစ်အာဏာရှင်များအနေဖြင့် ဒါတွေအားလုံးကို
လုပ်ခဲ့ဖူးပြီ။ အာဏာရှိသရွေ့
လုပ်နေအုံးမည်။ သင်းတို့၏
တည်ကြည်ဖြောင့်မတ်မှုကိုလည်း
ကမ္ဘာနှင့်အဝှမ်း မည်သူကမျှ မယုံကြည်ကြ။
ဤသို့သော အနေအထားတွင်
“တသက်တော့ အမတ်ဖြစ်ဖူးတယ်ရှိအောင်
ရွေးကောက်ပွဲ ဝင်လိုက်ဦးမည်” လို့
ဆိုသူတွေ၊ “အာဏာကလေးများ၊
တပြားတမူးဖိုးလောက်ရှိလျှင် အင်မတိ
အင်မတန် စံချင်တိုင်းစံရမည်” ဟု
စိတ်ကူးယဉ်နေသူတွေနှင့် အချီအချ အခြေအတင်
ပြောနေစရာ မလို။ သူတို့လမ်းကိုသူတို့
လျှောက်ခွင့်ပြုလိုက်ရုံသာရှိ၏။
ကိုယ့်အလုပ်က သူတို့နှင့် အချိန်ဖြုန်းနေ
စရာမဟုတ်။ ကိုယ့်အလုပ်က
ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအတွက်၊
တနည်း- ရွေးကောက်ပွဲ နောက်ပိုင်း
တိုက်ပွဲတွေအတွက် အခုကတည်းက
ပြင်ဖို့ဖြစ်သည်။
၂ဝ၁ဝ ရွေးကောက်ပွဲပြီးလျှင်
နအဖစစ်ဗိုလ်ချုပ်တွေ ပိုပြီး ဘဝင်မြင့်၊
စိတ်ကြီးဝင်လာမည်။
ဖွဲ့စည်းအုပ်ချုပ်ပုံစကားတွေ၊ ဥပဒေစကားတွေ
တွင်တွင်ပြောကာ ပိုရမ်းကားလာမည်။
“ဖွဲ့စည်း အုပ်ချုပ်ပုံနှင့်အညီ
အချိန်မရွေး အာဏာသိမ်းခံရမည့်” အန္တရာယ်၏
ခြိမ်းခြောက်ခြင်းကို တလျှောက် လုံး
ခံနေရမည်။ ထို့ကြောင့် ၂ဝ၁ဝ မတိုင်မီ
နိုင်ငံရေးနှင့် ၂ဝ၁ဝ လွန်
နိုင်ငံရေးတို့၏ အဓိကခြားနား ချက်မှာ
ဗိုလ်သန်းရွှေ-ဗိုလ်မောင်အေးစစ်အုပ်စုက
ဖွဲ့စည်းပုံဥပဒေမရှိဘဲ တိုင်းပြည်ကို
ရက်ရက် စက်စက် သွေးစုပ်ဖိနှိပ်ခြင်းနှင့်
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ
တိုင်းပြည်ကို ရက်ရက် စက်စက်
သွေးစုပ်ဖိနှိပ်ခြင်းသာဖြစ်ပေမည်။
သဏ္ဍာန်အားဖြင့် ထူးခြားချက်အချို့
ရှိနိုင်သော်လည်း အနှစ်သာရမှာ
ဘာမှပြောင်းမည်မဟုတ်သည်ကို သံသယဖြစ်စရာ
မလိုပေ။
တဖက်တွင်လည်း
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေအဖို့
ပြောရလျှင်လည်း မိမိတို့၏
တိုက်ပွဲဦးတည်ချက်၊ အဓိကကြွေးကြော်သံ၊
မဟာမိတ်အခင်းအကျင်း စသည်တို့မှာ ၂ဝ၁ဝ ရွေး
ကောက်ပွဲ မတိုင်မီနှင့်
ရွေးကောက်ပွဲနောက်ပိုင်း
ဘာမှခြားနားသွားမည်မဟုတ်ဆိုသည်ကို သတိပြု
ရပေမည်။
ထို့ကြောင့်
ဆန့်ကျင်မြဲအတိုင်း ဆန့်ကျင်ရမည်။
တောင်းဆိုမြဲတိုင်း တောင်းဆိုရမည်။
သို့သော် တိုက်နည်း၊
တောင်းဆိုနည်းများကိုတော့ တိုးချဲ့ရမည်။
စွန့်ပစ်တန်တာ စွန့်ပစ်၊ တီထွင်သင့်တာ
တီထွင်ရမည်။ နောက်ပြီး
ပိုကျယ်ပြန့်အောင်လည်း ဖြန့်ကျက်ရမည်။
အင်းစိန် ထောင် ပတ်ဝန်းကျင်ကနေ
တပြည်လုံးကို ဖြန့်ပစ်ရမည်။
အဖွဲ့ချုပ်တဦးတည်း လုပ်လို့မရ။
ဒီချုပ်ကို အထောက်အကူပေးကြရမည်။
တွဲလုပ်တာတွေလည်း ရှိမည်၊
ခွဲလုပ်တာတွေလည်း ရှိမည်။ တိုက်ပွဲ
သဏ္ဍာန်ကို အသေထားလို့မဖြစ်၊ လုပ်သင့်လျှင်
တဦးမလုပ်နိုင်က နောက်တဦးက လုပ်ရမည်။
ဆက်သွယ်ရေးကွန်ယက်တွေ တည်ဆောက်ရမည်။
လမ်းကြောင်းတွေ ဖောက်လုပ်ရမည်။
ပြောင်လည်းရှိမည်၊ လျှို့ဝှက်လည်းရှိမည်။
လူထုလူတန်းစား၊
လူ့အလွှာအမျိုးမျိုးထဲတွင် ဖြစ်နိုင်လျှင်
ပြောင်၊ မဖြစ်နိုင်လျှင် လျှို့ဝှက်
အဖွဲ့အစည်းတွေ ဖွဲ့ကြရမည်။
ကျောင်းသား၊ သံဃာ၊ စာရေးစာချီ၊ ဝန်ထမ်း၊
အလုပ်သမား၊ လယ် သမား၊ ပညာတတ်၊ ဆင်းရဲသား၊
စစ်သားနဲ့ ရဲထဲပါမကျန်
စည်းရုံးတည်ဆောက်ရမည်။ ဘာသာ၊ လူမျိုး
စတာတွေ ခွဲခြားနေလို့မဖြစ်။ ဒါကြောင့်
ဖွဲ့စည်းမှု၊ စည်းရုံးမှုမှာ ကာလတခုတော့
မြေအောက် သဏ္ဍာန်ဖြစ်ဖို့ များသည်။
လျှို့ဝှက်ရမည်။ မြေအောက်လုပ်ငန်းကို
မောင်းတီးလုပ်လို့မရ။ ပေါ်ပြူလာ
ဖြစ်ချင်လို့မရ။
တပါတည်းတွင် ပြည်သူတွင်းရော
ကိုယ့်အတွင်းမှာပါ စစ်အုပ်စု၊
စစ်အစိုးရနှင့် စစ်အာဏာ ရှင်စနစ်တို့ကို
ပြတ်သားခိုင်မာစွာ ဆန့်ကျင်သည့်
အတွေးခေါ်ကို မြဲမြဲမြံမြံ စိုက်ထူရမည်။
ကိုယ့် ပြည်သူကို ယုံကြည်မှုနှင့်
အနိုင်မခံအရှုံးမပေးတဲ့
စိတ်ဓာတ်တို့ကိုလည်း စွဲမြဲစေရမည်။
နအဖပြော လျှင် ဘာမှ မျက်စေ့လည်စရာမရှိ။
မိုးခါးရေသောက်စေလိုသူများ၊
မြေခွေးအမြီးပြတ်များက ပြော လျှင်လည်း
လက်ခံကြမည်မဟုတ်။ သို့သော်
တတိယအင်အားစုဆိုသူတွေ၊ ပညာရှင်ဆိုသူတွေက
နားချကြ၊ “ရှင်းပြကြ” ဦးမည်။ မျက်စေ့လည်၊
နားယောင်စရာတွေ ဖန်တီးလာကြဦးမည်။
ထို့ကြောင့် အတွေးအခေါ်တည်ဆောက်ရေး၊
ကာကွယ်ရေးကို တာဝန်တရပ်အနေနှင့် လုပ်ရမည်။
ဒါကို တက်ကြွသူများအကြားမှာသာမဟုတ်၊
ပြည်သူလူထုအကြားမှာပါ လုပ်ရမည်။
ပေါ့ဆလို့မရ။ သတိ ရှိရပါမည်။ သူတို့က
ရာထူးတွေ၊ အခွင့်အရေးတွေနှင့် မြှူလာကြမှာ
သေချာသည်။
ထို့ကြောင့် ဤနေ့ဤအခါတွင်
နိုင်ငံရေးလက်ဦးမှုကို ပြည်သူတွေဖက်က
ရယူထားရန်မှာ အရေးကြီးလှသည်။
အမျိုးသားဒီမိုက်ရေစီအဖွဲ့ချုပ်၏
ရွှေဂုံတိုင်ကြေညာချက်မှာ ဤသို့ လက်ဦးမှုရ
ယူရန် လုံးပမ်းခြင်းဖြစ်သည်။ နအဖကို
တကယ်ပဲ လက်ဦးမှုမဲ့စေခဲ့သည်။ ထို့ကြောင့်
နအဖက ဒေါ်အောင်ဆန်းစုကြည်ကို
ရုံးတင်ခြင်းဖြင့် သူတို့ဆုံးရှုံးနေသော
နိုင်ငံရေးလက်ဦးမှုကို ရယူရန်
လုံးပမ်းနေခြင်းဖြစ်သည်။
အခြားနည်းလမ်းရှာမတွေ့သဖြင့်
ခါးပိုက်အောက်ကို ထိုးသည့်နည်းကို
သုံးလာခြင်းဖြစ်သည်။ ဤသည်
နအဖစစ်ဗိုလ်များ၏ အကျင့်ဖြစ်သည်။
သူတို့ခံရလျှင် ဘာမှ မရှက် မကြောက်တော့။
လောလောဆယ်တော့ နိုင်ငံတကာနယ်ပယ်တွင်
နအဖအဖို့ ပို၍ပင် ခံစစ် အနေအထားကို
ရောက်သွားသည်။ အခုအထိ
စစ်အာဏာရှင်များအနေဖြင့် တချက်မှ
ပြန်ပစ်နိုင် သည်ကို မတွေ့ရသေးပေ။
ထန်းလက်ဖြင့် ကာရုံမျှသာ လုပ်နိုင်သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်း စုကြည်အမှုကို
အမြန်ပြီးဆုံးသွားအောင် တွန်းစစ်နေသည်။
သူတို့အဖို့ ဤကိစ္စမှာ ပေါ့စေလိုလို့
ကြောင်ရုပ်ထိုး၊ ဆေးအတွက်ကြောင့်လေး
ဖြစ်နေသည်။
ဤအနေအထားကို အတတ်နိုင်ဆုံး
အသုံးချရန်လိုသည်။ ကိုယ့်ဖက်က နိုင်ငံရေး၊
အတွေးအခေါ်ရေး ထိုးစစ်တွေ
ဆက်တိုက်ဆင်နေရမည်။ လူသေဦးတော့
အသံမသေစေရဆိုသည့် သဘောထားမျိုး ထားရမည်။
ကိုယ်သေလျှင် ကျန်တဲ့လူများကို အဲဒီအသံက
သတိပေးအကျိုးပြု မည်မှာ မုချဖြစ်ပါသည်။
*****
မောင်ချစ်ခင်
|