ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

တွေ့ဆုံစကားပြောပွဲရဲ့ အလားအလာ(1)

 

           ဘောလုံးဟာ ဘယ်သူ့ဘက်ကွင်းထဲမှာလဲ။

            စက်တင်ဘာသံဃာ့အရေးတော်ပုံကြောင့် အကြီးအကျယ် နိုင်ငံရေးအကြပ်ရိုက်သွားတဲ့ နအဖစစ်အုပ်စုဟာ အဘက်ဘက်ဖိအားမျိုးစုံအကြားမှာ နိုင်ငံရေးလက်ဦးမှုပြန်ယူဖို့အတွက် ဗိုလ်သန်းရွှေရဲ့ “ကြေညာချက် ၁/၂၀၀၇”ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အကြပ်ရိုက်ကရောလို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက်ကြောင့် ဘောလုံးဟာ နအဖကွင်းဘက်ပြန်ရောက်သွားပြီလို့ ပြောနိုင်လာပါပြီ။

            နအဖအဖို့ သူ့သမိုင်းမှာ ဘယ်တုန်းကနဲ့မှမတူအောင် ပြည်တွင်းနိုင်ငံရေး၊ ပြည်ပသံတမန် ရေးတွေမှာ အကြပ်ရိုက်နေပါတယ်။ သူ့တပ်ကိုသူ ပြန်ပြီးမီးသေအောင်လုပ်ဖို့ကိုက အချိန်အတော် ယူရမှာပါ။ ဒါကြောင့်မို့ သူဟာ သူမလုပ်ချင်ဆုံးဖြစ်တဲ့ နိုင်ငံရေးအရစကားပြောတာကို လုပ်လာတာ ဖြစ်ပါတယ်။

            ပြည်တွင်းကလူတွေမပြောနဲ့ ပြည်ပကလူတွေအဖို့တောင် နအဖနဲ့ပြောရဆိုရ၊ လုပ်ရကိုင်ရ တဲ့အခါမှာ တွေ့ရတဲ့ အကြီးဆုံးပြဿနာက နအဖဟာ အမြဲတမ်းသူ့ကိုယ်သူ ‘နိုင်သူ’လို့သတ်မှတ်ပြီး အထက်စီးက နေချင်နေတာပဲဖြစ်ပါတယ်။ အခုလည်း ဘာမှ သဲသဲကွဲကွဲ ရှင်းရှင်းလင်းလင်း မရှိတဲ့ “တွေ့ဆုံစကားပြောပွဲ”ဆိုတာနဲ့ ၀မ်းချဖို့လုပ်ရင်း ဒေါ်အောင်ဆန်းစုကြည်ကို စည်းကမ်းသတ်မှတ် ချက်တွေ ချပေးနေတာဟာ အဲဒီအထက်စီးကနေချင်တဲ့ ဆန္ဒကို ဖော်ပြတာဖြစ်ပါတယ်။

            ဒါပေမဲ့ နအဖဟာ ဒီစကားပြောပွဲမှာ သူတို့ရဲ့ လမ်းပြမြေပုံကို ဆိတ်ခေါင်းချိတ် ခွေးသား ရောင်းသလို ပွဲထုတ်မယ်ဆိုတာတော့ အတော်ထင်ရှားနေပါတယ်။

            ပြည်သူတွေဘက်ကတော့ ဦးစွာအားဖြင့် ဒီ“တွေ့ဆုံစကားပြောပွဲ”ဆိုတာကို စေ့စပ် ဆွေးနွေးပွဲဖြစ်အောင် လုပ်ယူရမှာပါ။

            ဒီလိုလုပ်ရာမှာ နအဖလက်အောက်က တပ်မတော်သားတွေကို စည်းရုံးသိမ်းသွင်းရေးဟာ အရေးကြီးဦးတည်ချက် ဖြစ်ရပါမယ်။ ပြည်သူလူထုကို လက်နက်ကိုင်တပ်နဲ့ ခြိမ်းခြောက်၊ တပ်နဲ့ ထိပ်တိုက်တွေ့အောင်ချည်း လုပ်နေတဲ့ နအဖရဲ့ အကျင့်ကို ဖွင့်ချပြရပါမယ်။ ဒီလိုနဲ့ ဒီတပ်ကို နအဖရဲ့ ခါးပိုက်ဆောင်တပ်အဖြစ်ကနေ ကြားနေတဲ့ တပ်ဖြစ်လာအောင် လုပ်ရပါမယ်။

            ဒီနေ့ဗမာပြည်မှာ တင်းမာအောင်လုပ်နေတာဟာ ဒီချုပ်မဟုတ်ဘူး။ နအဖဘက်က ဖြစ်တယ်ဆိုတာ အားလုံးမြင်အောင်လုပ်ရပါမယ်။ ပြည်တွင်းစစ်ကို တဘက်သတ်တိုက်နေတာ။ လယ်သမားနဲ့ မြို့နေဆင်းရဲသားတွေရဲ့သား၊ အောက်ခြေစစ်သားလေးတွေကို ကိုယ်ကျိုးအတွက် စတေးနေတာဟာ ထိပ်ပိုင်းက စစ်အုပ်စုဖြစ်ကြောင်း သူတို့သဘောပေါက်လာအောင် လုပ်ရပါမယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့စာဟာ အဲဒါကို ဦးတည်တယ်လို့ ယူဆနိုင်ပါတယ်။

            နိုင်ငံတကာက အောင်မြင်ခဲ့တဲ့ အရေးတော်ပုံဟူသမျှဟာ ရန်လိုသူတွေကို ရန်လုပ် မလာအောင် စည်းရုံး၊ ဖျောင်းဖျ၊ နားချနိုင်လို့သာ ဖြစ်ပါတယ်။ ကိုယ့်ကိုစာနာလာအောင် လုပ်နိုင်လို့ ဖြစ်ပါတယ်။ ဒါကို တခွန်းထဲပြောရရင် ရန်သူမများစေဖို့၊ မိတ်ဆွေများစေဖို့ပဲ။ ရန်သူနည်းနိုင်သမျှ နည်းအောင် လုပ်ရပါမယ်။ ဒါကို ပြည်တွင်းရော ပြည်ပမှာပါ လုပ်ရမှာပါ။ တချို့က ဒီလိုအချိန်မှာ ကိုယ့်ကို ဘာမှရန်မလုပ်တဲ့လူကို(အင်အားစုကို) ရန်သူဖော်ပြီး တိုက်နေတာတွေ လုပ်တတ်ပါတယ်။ ဒါဟာ သူ့တဦးချင်းအကျိုးအတွက်လုပ်တာ ဖြစ်ပါလိမ့်မယ်။ အမျိုးသားအရေးအတွက် အကျိုးမရှိ တာတော့ သေချာပါတယ်။           

            ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေကိစ္စ ထုတ်ဖော်လာတာကိုလည်း အားလုံး သတိပြုမိမှာပါ။ ဒါဟာလည်း အကျယ်ပြန့်ဆုံး မိတ်ဆွေဖွဲ့တဲ့ လက္ခဏာလို့ ယူဆနိုင်ပါတယ်။ သမိုင်း ရဲ့ ကြီးမားတဲ့ အကွေ့အချိုးကြီးတွေမှာ အတတ်နိုင်ဆုံး ယိုပေါက်မရှိအောင် လုပ်ကြရပါတယ်။ ဗမာ ပြည်မှာက တိုင်းရင်းသားအရေးဟာ ထူးခြားပြီး သီးခြားလက္ခဏာလည်း ဆောင်ပါတယ်။ ဗမာပြည်ရဲ့ အခြေခံကျတဲ့ အရေးတွေကို စဉ်းစားချမှတ်တိုင်း ဒီကိစ္စကို မဖြစ်မနေ ထည့်သွင်းစဉ်းစားကြရပါ တယ်။ ဗမာတွေချင်း လက်ဝါးရိုက် ကြိတ်ကြံသွားကြတယ်လို့ တချိန်မှာ တချို့က ဆိုကောင်းဆိုလာ နိုင်ပါတယ်။ ဒါမှမဟုတ်၊ တခြားလူက ဒီလိုပြောပြီး ခြေထိုးတာမျိုးတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါ တယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်လည်း တွက်မိဟန်တူပါတယ်။ လူမျိုးစုအင်အားစုတွေဟာ ကိုယ့် ဘက်မှာလည်းရှိ၊ သူ့ဘက်မှာလည်းရှိ၊ ကြားနေသူလည်းရှိ၊ လက်နက်ကိုင်နေသူလည်းရှိ၊ ဆိုင်းဘုတ် ထောင်ထားသူလည်း ရှိပါတယ်။ နောက်ပြီး ပြည်တွင်းမှာလည်းရှိ၊ ပြည်ပမှာလည်းရှိ၊ သဏ္ဌာန် အမျိုးမျိုးနဲ့ ရပ်တည်နေကြပါတယ်။ ပေါက်ပြားတလက်နဲ့ စကားတခွန်းမှ မပြောအားတဲ့လူတွေ ရှိသလို ကွန်ပြူတာတလုံးနဲ့ အများကြီးပြောနေသူတွေလည်း ရှိပါတယ်။

            ကိုယ့်က သူ့ဘက်က အကွဲအအက်ကိုရှာနေချိန်မှာ ကိုယ့်ဘက်က အအက်အဟတွေမဖော် ပြဖို့ လိုပါတယ်။ ဆိုလိုတာ အားလုံးသွေးစည်းညီညွတ်ကြဖို့ပါ။ လက်ငင်းပြဿနာကိုလည်း ဖြေရှင်း၊ ရေရှည်အတွက်လည်း စဉ်းစားပြင်ဆင်သင့်ပါတယ်။ လက်နက်နဲ့ အာဏာဟာ သူတို့လက်ထဲမှာ ဖြစ်နေတဲ့အတွက် အခက်အခဲတွေ ကြီးနေတာဖြစ်ပါတယ်။ ဒီအခြေအနေကို ပြောင်းပစ်ဖို့ ကြံစည်ကြ ရပါမယ်။

            နအဖ ဘယ်လောက်ရိုးသားတယ်ဆိုတာ သိပ်မကြာခင်မှာ အဖြေပေါ်မှာပါ။ နိုင်ငံတကာက ဗမာပြည်အရေးကို အာရုံမစိုက်တော့ဘူးလို့ သူတို့ထင်ရင် ဇာတိမှန်ဖော်ပြလာပါလိမ့်မယ်။ ဗိုလ်နေ၀င်းဟာ ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် နေ့စွဲနဲ့ “ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်တွင်း ညီညွတ်ရေးအကြံပေးအဖွဲ့”ဆိုတာကို ဦးနု၊ ဦးဗဆွေ၊ သခင်ချစ်မောင်၊ ဦးကျော်ငြိမ်း၊ ဒူးဝါးဇော်လွန်း စတဲ့ အဲဒီခေတ်က ထိပ်တန်းမြေပေါ်နိုင်ငံရေးသမားကြီး ၃၃ ဦးကို ထည့်သွင်းဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်နေ၀င်းဟာ ဒီလုပ်ဇာတ်ကို ခြောက်လပဲ ကခိုင်းပြီး ပြန်ဖျက်သိမ်းပစ်ခဲ့ပါတယ်။ အဲဒီ ၃၃ ဦး အဖွဲ့ကို ကြေညာချက်ထုတ်ပြန်၊ ဗိုလ်နေ၀င်းကိုယ်တိုင် မိန့်ခွန်းတွေပေးပြီး ဖွဲ့စည်းခဲ့တာပါ။ သူက ဖျက်ချိန်တန်ပြီ ထင်တဲ့အခါကျတော့ ဘာမှ ထွေထွေထူးထူးအကြောင်းမပြတော့ပဲ ဖျက်သိမ်းလိုက် တာပဲ ဖြစ်ပါတယ်။

            ဒီနေ့ ဗိုလ်သန်းရွှေတို့စီစဉ်နေတဲ့ တွေ့ဆုံစကားပြောပွဲက အဲဒီ ၃၃ ဦးတုန်းကလောက် တောင် တရားဥပဒေအရ ဘောင်မ၀င်ပါဘူး။ ဒီတော့ ဒီတခါတွေ့ဆုံမှုဟာလဲ သူ့လက်ခုပ်ထဲက ရေသာ ဖြစ်ပါတယ်။ သူ့လက်ခုပ်ထဲမှာ ဘယ်လိုမှထည့်မရတာကတော့ ပြည်သူလူထုရဲ့ အသဲနှလုံးပဲ ဖြစ်ပါတယ်။

            စစ်အစိုးရကို ကျွန်တော်တို့ လျှော့တွက်လို့မဖြစ်သလို ပိုတွက်ဖို့လည်းမလိုပါ။ အဆုံးမှာ ပြည်သူတွေပဲ အောင်ပွဲခံမှာပါ။

မောင်ချစ်ခင်       

 

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.