|
စဉ်းစားချိန်တန်ပါပြီ
၂ဝဝ၈ ခုနှစ် မေလဆန်းပိုင်းက
ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းအတွင်း
အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံး
သွားခဲ့ရတဲ့ သိန်းသန်းချီတဲ့
ပြည်သူလူထုကြီးရဲ့ ဘဝကို လစ်လျူရှုကာ
သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း
နအဖစစ်အုပ်စုဟာ
ဖွဲ့စည်းအုပ်ချုပ်ပုံအတည်ပြုရေး
လူထုဆန္ဒခံယူပွဲဆိုတာကြီး လုပ်ပြီး အတည်ပြု
လိုက်တယ်။
အခု
အဲဒီဖွဲ့စည်းအုပ်ချုပ်ပုံနဲ့
သူတို့လမ်းပြမြေပုံအရ
ရွေးကောက်ပွဲဆိုတာကြီးကို ၂ဝ၁ဝ မှာ
လုပ်ဖို့ ကြေညာထားပြန်တယ်။
ဒီလမ်းပြမြေပုံဆိုတာဟာ
ဒီမိုကရေစီရေးအတွက်မဟုတ်ဘဲ သူတို့ အာဏာ
တည်မြဲရေးသက်သက်သာဖြစ်လို့ အတိုက်အခံ
အင်အားစုအားလုံးနဲ့ ဒီချုပ်က ကန့်ကွက်နေ
တဲ့ကြားက
နအဖစစ်အုပ်စုဟာ လမ်းပြမြေပုံဆိုတာကို
တလှမ်းပြီးတလှမ်း အကောင်အထည်ဖော်နေ တာ
တွေ့နေရပါတယ်။
အခုနောက်ဆုံး ဒီချုပ်ရဲ့
လွှတ်တော်အမတ်များ၊ တိုင်းနဲ့
ပြည်နယ်ကိုယ်စားလှယ်များ၊ လူငယ်များပါတဲ့
ညီလာခံသဘောဆောင်တဲ့ အစည်းအဝေးကြီးတရပ်က
ရွှေဂုံတိုင်ကြေညာစာတမ်း ထုတ်ကာ
စစ်အုပ်စုကို အချက် (၃) ချက်ပါတဲ့
ကမ်းလှမ်းချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။
စစ်အုပ်စုဟာ
ဒီကမ်းလှမ်းချက်ကို
လက်တွေ့တုံ့ပြန်တဲ့အနေနဲ့ မေလ (၂၇)
ရက်နေ့မှာ နေအိမ်အကျယ်ချုပ် ၆
နှစ်ချထားတဲ့ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရ
မှာကို မလွှတ်ဘဲ
နိုင်ငံရေးလုပ်ကြံမှုကြီးတရပ် လုပ်ကာ
နေအိမ်အကျယ်ချုပ်ချထားရာကနေ အင်းစိန်
အကျဉ်းထောင်ကို ရွှေ့ပြောင်းပစ်လိုက်တယ်။
ချမှတ်ထားတဲ့ လိုက်နာရမယ့်
စည်းကမ်းများ ချိုးဖောက်မှုဆိုတဲ့ အမှုဆင်ကာ
ထောင်ချဖို့ လုပ်ကြံနေတယ်။
ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲမှာ
ဒေါ်အောင်ဆန်းစုကြည်ကို မပါဝင်နိုင်
အောင်နဲ့ ရွေးကောက်ပွဲအတွက်
ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုမှ
လှုပ်ရှားမရအောင် ထိန်းသိမ်း
လိုက်ခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့်
တွေ့ဆုံဆွေးနွေးရေး တောင်းဆိုချက်ကို
မျက်ကွယ်ပြုလိုက် ခြင်းပါပဲ။
နဝတ(နအဖ)စစ်အုပ်စုဟာ
လက်နက်အားကိုးနဲ့ အကြမ်းဖက်နှိပ်ကွပ်၊
လိမ်ညာမှိုင်းတိုက်မှု များနဲ့
တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တာ ဒီနေ့
အနှစ် ၂ဝ ကျော်သွားပါပြီ။
ဒီစစ်အာဏာရှင်တွေရဲ့ အောက်မှာ တိုင်းပြည်
အဆင်းရဲဆုံးနိုင်ငံဘဝကို ရောက်ခဲ့ရပြီ။
အခု ဗမာပြည်သူပြည်သားတွေဟာ နိုင်ငံတကာမှာ
အမျိုးသားဂုဏ်သိက္ခာမဲ့ကာ တိုင်းပြည်ဟာ
ကျဆုံးနိုင်ငံအဆင့်သို့ ဦးတည်နေပြန်ပါ
ပြီ။ အကြောင်းရင်းကတော့ အနှစ် ၄ဝ ကျော်ကြာ
စစ်အာဏာရှင်စနစ်ကို အဆုံးသတ်အောင်
တိုက်ပွဲ မဝင်နိုင်ခဲ့မှုပါပဲ။
ခုလို စစ်အာဏာရှင်စနစ်
ဗမာပြည်မှာ ရာစုနှစ်ဝက်နီးပါး သက်တမ်း
ရှည်ကြာလာနေရတာ ကလည်း ကျွန်တော်တို့
ဗမာပြည်တွင်းရှိ ဒီမိုကရေစီရေးတိုက်ပွဲဝင်
အင်အားစုအားလုံးမှာ တူညီတဲ့
ဘုံလုပ်ငန်းစဉ်များ
မရှိခဲ့မှုကြောင့်ဆိုရင်လည်း
မှားမယ်မထင်ပါဘူး။
ကျွန်တော်တို့ဟာ ဗမာပြည်မှာ
အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး
ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး ဆိုတဲ့
တူညီတဲ့ ရည်မှန်းချက်ပန်းတိုင်
အင်အားစုအားလုံးမှာ ရှိနေပြီးဖြစ်ပါတယ်။
ဒါပေမယ့် ဘုံ လုပ်ငန်းစဉ်မရှိတော့
စစ်အာဏာရှင် တိုက်ဖျက်ရေးမှာ တူညီတဲ့
ခြေလှမ်းမရှိဖြစ်နေတယ်။ ခုလို တူညီတဲ့
ခြေလှမ်းမရှိနိုင်လို့
စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ အင်အားရှိရှိ
မတိုက်နိုင်ဖြစ်ခဲ့ရပါတယ်။ ဒါကို အားလုံး
သိပြီးဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်
စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်လိုသူတိုင်း
ဘုံလုပ်ငန်းစဉ်ရှိပြီး ခြေလှမ်းညီညီ
အင်အားရှိရှိ တိုက်ပွဲဝင်သွားနိုင်ရေးကို
ဝိုင်းဝန်းလုပ်ဆောင်သွား ရေး
စဉ်းစားသင့်ပါတယ်။
သမိုင်းဆိုတာ ပြည်သူလူထုက
ဖန်တီးတာပါ။ ကျွန်တော်တို့အင်အားဟာ
ပြည်တွင်းမှာရှိနေ တဲ့ စစ်အာဏာရှင်စနစ်
အောက်မှာ ဆင်းရဲဒုက္ခရောက်နေတဲ့
တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု ကြီး
ဖြစ်ပါတယ်။ ဒီပြည်သူလူထုကြီးကို
မှန်မှန်ကန်ကန်
စည်းရုံးတိုက်ပွဲဝင်သွားရေးဟာ အဓိက
အကျဆုံး အချက်ဖြစ်တယ်။
ဒီလိုပြောလို့
နိုင်ငံတကာရောက်
ဒီမိုကရေစီအင်အားစုများနဲ့ နိုင်ငံတကာ
ဖိအားကို ပစ်ပယ် ရမယ်လို့ မဆိုလိုပါဘူး။
သူတို့ဟာ အရန်အခန်းကသာ ပါဝင်တာပါ။
ပြည်တွင်းရှိ ဆင်းရဲဒုက္ခရောက် နေတဲ့
တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီး
တရပ်လုံး စစ်အာဏာရှင် တိုက်ဖျက်ရေးအတွက်
စိတ်ဓာတ်ရေးရာအရ အထောက်အကူပြုနိုင်ပါတယ်။
ကမ္ဘာပေါ်မှာ ဘယ်အာဏာရှင်မှ
ပလ္လင်ပေါ်ကနေ သူ့အလိုလို
ဆင်းသွားတယ်ဆိုတာမျိုး သမိုင်းမှာ
မရှိခဲ့ဖူးပါဘူး။ အာဏာရှင်များကို
ဘာမထီဇွဲသတ္တိနဲ့ ပြည်သူလူထုကြီးတရပ်လုံး
ပါဝင်တဲ့ လူထုတိုက်ပွဲများဖြင့် ပလ္လင်ပေါ်က
အတင်းဆွဲချမှသာ အဆုံးသတ်နိုင်ခဲ့တာပါ။
ပြည်သူလူထု
တိုက်ပွဲများဆိုရာမှာလည်း
နည်းသဏ္ဌာန်မျိုးစုံ ရှိပါတယ်။
အကြမ်းမဖက်တဲ့ တိုက်ပွဲရော၊ အကြမ်းဖက်
တိုက်ပွဲရော ပါဝင်ပါတယ်။ ဒီနေရာမှာ
လူထုတိုက်ပွဲဆိုတဲ့ စစ်အစိုးရ အုပ်စိုးရာ
မြို့ပြများမှာ လူထုကြီးတရပ်လုံးထွက်ပြီး
စီတန်းလှည့်လည် ဆန္ဒပြမှုများဟာ အကြမ်း
မဖက်တဲ့ တိုက်ပွဲများဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့
အကြမ်းမဖက်တဲ့ တိုက်ပွဲသဏ္ဌာာန်များရော၊
အကြမ်းဖက်တိုက်ပွဲ သဏ္ဌာန်များကိုပါ
မှန်မှန်ကန်ကန်
ပေါင်းစပ်ကျင့်သုံးသွားသင့်တယ် ထင်ပါတယ်။
ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့
နိုင်ငံတွေမှာ သူတို့နိုင်ငံတွေက
အာဏာရှင်တွေကို လူထုတိုက်ပွဲများဖြင့်
တိုက်ပွဲဝင် ဖြေရှင်းနိုင်ခဲ့တဲ့
သာဓကတွေရှိခဲ့ပေမယ့် မတူတဲ့ အခြေအနေနဲ့
မတူတဲ့ နိုင်ငံအလိုက်
အထက်ပါနည်းသဏ္ဌာန်တွေကို
ကျင့်သုံးသွားရန်လိုအပ်ကြောင်း
ကျွန်တော်တို့ရဲ့ လက်တွေ့တွေက နေ
ပြဆိုနေပါတယ်။
တောင်အာရှရဲ့
နိုင်ငံတနိုင်ငံဖြစ်တဲ့ နီပေါနိုင်ငံမှာ
သူတို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ်
ထူထောင်ရေးအတွက် ဘုရင်စနစ်ကို
တိုက်ပွဲဝင်ရာမှာ လူထုတိုက်ပွဲရော
လက်နက်ကိုင်တိုက်ပွဲပါ မှန်မှန်ကန်ကန်
ပေါင်းစပ်တိုက်ပွဲဝင်နိုင်ခဲ့လို့
အောင်ပွဲရခဲ့တဲ့ နမူနာလည်း တွေ့နေရပါတယ်။
အခုအခါ စစ်အုပ်စုဟာ
တိုင်းရင်းသားလူမျိုးပေါင်းစုံ
ပြည်သူလူထုကြီးတရပ်လုံးကို အရင်
ဘယ်တုန်းကနဲ့မှ မတူအောင် ရက်ရက်စက်စက်
ဖိနှိပ်ဖမ်းဆီး ထောင်ချနှိပ်ကွပ်နေပါတယ်။
အနီးကပ်ဆုံး ၂ဝဝ၇ သံဃာ့အရေးအခင်းကိုပဲ
ကြည့်ပါ။
ငြိမ်းချမ်းစွာ
စီတန်းလှည့်လည် မေတ္တာသုတ်ရွတ်နေတဲ့
ဘုရားသားတော်များကိုပင် ရက်ရက်စက်စက်
ပစ်ခတ်နှိမ်နင်း သတ်ဖြတ်ဖမ်းဆီး
ထောင်ချခဲ့ပါတယ်။ အခု လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချဖို့
ယုတ်မာစွာ ကြံစည်နေပါပြီ။
ဒါတွေဟာ သူတို့အာဏာ
ဆက်လက်တည့်တံ့ရေးအတွက်ဆိုရင်
နအဖစစ်အုပ်စုဟာ ဘာမဆို လုပ်ရဲတယ်၊
လုပ်ဝံ့တယ်၊ လုပ်လိမ့်မယ်ဆိုတာကို
သက်သေပြနေတာပါပဲ။ ခုလို လူထု
ခေါင်းဆောင်တယောက်ကို မတရားပုဒ်မတွေတပ်၊
ဖမ်းဆီးထောင်ချတယ်ဆိုတာ လူထုကြီးကို
အရေးမစိုက်ဘူး၊ လူထုကြီးက
အာဏာလွှဲအပ်ထားတဲ့ နိုင်ငံရေးပါတီကိုလည်း
ဂရုမစိုက်ဘူးဆိုတာ ဖော်ပြလိုက်တာပါပဲ။
ဒီအခြေအနေအောက်မှာ
ကျွန်တော်တို့ ဘာလုပ်သင့်သလဲဆိုတာ
မှန်မှန်ကန် ဝိုင်းဝန်း စဉ်းစား
အဖြေရှာသင့်ကြပြီ ထင်ပါတယ်။
စည်းလုံးခြင်းသည် အင်အား၊ ဒီအင်အားကို
အခြေခံပြီး စစ်အာဏာရှင်စနစ်ကို
ဝိုင်းဝန်းတိုက်ခိုက်သွားရေးကို
ညှိနှိုင်းလုပ်ဆောင်သွားဖို့ အခြေအနေတွေက
ကျွန်တော်တို့ကို တောင်းဆိုနေပါပြီ။
*****
ကျော်ဆွေ
၅ - ၆ -
၂၀၀၉။
|