ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

အရုဏ်မလာမီ အမှောင်ထုဟာ ပိုကြီးလေ့ရှိတယ်

(၁)

            နအဖစစ်အုပ်စုဟာ သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို မတရားတဲ့ နည်းပေါင်းစုံနဲ့ အတည်ပြုပြီး တဲ့နောက် အဆင့် ၇ ဆင့်ပါတဲ့ လမ်းပြမြေပုံဆိုတာရဲ့ အဆင့် (၅) ဖြစ်တဲ့ ရွေးကောက်ပွဲကို ဆက် လက် လုပ်ဆောင်သွားဖို့ အတင့်ရဲစွာ စီမံစိုင်းပြင်းလာတယ်။ ရွေးကောက်ပွဲကို ၂ဝ၁ဝ မှာ ကျင်းပဖို့ ကြေညာထားပါတယ်။ အခုအခါ သူတို့ရဲ့ လက်ကိုင်ဒုတ် ကြံ့ဖွတ်ဟာလည်း နိုင်ငံရေးပါတီအဖြစ် ပြောင်းမယ်ဆိုတဲ့ အသံကို ခပ်ကျယ်ကျယ် အော်လာနေပြီ။ တလောက ကချင်ပြည်နယ်မှာလုပ်တဲ့ မနောပွဲမှာ တရားဝင် သဘောမျိုးကို နအဖထိပ်တန်း အရာရှိတဦးက ပြောသွားတယ်။ ကြံ့ဖွတ်အဖွဲ့ ဝင်တွေဟာ တဆက်တည်း အဲဒီ ဖွဲ့လိုက်မယ့် နိုင်ငံရေးပါတီရဲ့ အဖွဲ့ဝင်တွေ ဖြစ်သွားမယ်။ ဒီအဖွဲ့ဝင် တွေနဲ့ ပတ်သက်လို့ အခက်အခဲတွေရှိနေရင် ဖြေရှင်းပေးမယ်လို့ မြှူဆွယ် ပြောဆိုစည်းရုံးနေသံတွေ လည်း ကြားရတယ်။

            နအဖရဲ့ဝန်ကြီး ၈ ယောက်လောက်ဟာလည်း အဲဒီကြံ့ဖွတ်အဖွဲ့ရဲ့ ခေါင်းဆောင်များအဖြစ် ပြောင်းလိုက်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။

            အဲဒီလိုပဲ နအဖရဲ့ မဟာမိတ်ကြီးဖြစ်တဲ့ (တစည)ကလည်း သူတို့ ဒီပွဲမှာ မုချနိုင်မယ်လို့ အတတ်ဟောနေတယ်။ သူတို့ဟာ နအဖရဲ့ ဘက်တော်သားများဖြစ်လေတော့ စည်းရုံးရေးလုပ်ငန်း တွေကို စောစွာကတည်းက ဆင်းခွင့်ရနေတယ်။ သူတို့အဖို့ နိုင်ငံရေးလုပ်ငန်းများကို အတားအဆီး အနှောင့်အယှက်ကင်းစွာ လုပ်ဆောင် ခွင့်ရနေကြတယ်။  သူတို့ကလည်း (တစည)အဖွဲ့ဝင်ရင် အခက်အခဲတွေ ဖြေရှင်းပေးမယ်ဆိုတဲ့ လေသံတွေပစ်ပြီး ပြည်သူလူထုကို ဗြောင်စည်းရုံးနေကြ တာပါ။

            ဒီအခြေအနေအောက်မှာ လူထုကြီးကတော့ နအဖက ငါမနိုင်ရင် ငါ့သား၊ ငါ့သမီး၊ ငါ့သမက်၊ ငါ့ဆွေမျိုး နိုင်ရမယ်ဆိုတာမျိုး လုပ်နေပြီဆိုတဲ့ ဝေဖန်ပြောဆိုနေသံတွေ ကြားနေရပါ တယ်။

            ပြည်တွင်းပြည်ပ အချောင်သမားတသိုက်ကတော့ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ဖို့ စီမံစိုင်းပြင်းနေကြတာ ကြားနေရပါတယ်။

           

(၂)

            ၁၉၉ဝ ခု ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နအဖရဲ့ ဖွဲ့စည်းအုပ်ချုပ် ပုံကို အသိအမှတ်မပြုပါဘူး။ ဒါကြောင့် အဲဒါကို ပြုပြင်ပြီး အတည်ပြုနိုင်ရေးအတွက် လွှတ်တော်ခေါ် ပေးရေးကို မတ်လနောက်ဆုံးထား အဖြေပေးဖို့ တောင်းဆိုထားပါတယ်။ အခုထက်ထိ စစ်အုပ်စုက အဖြေမပေးသေးသလို ဒီချုပ်ကလည်း ရွေး ကောက်ပွဲအပေါ် တရားဝင် အဖြေမပေးသေးဘူးလို့ ဆိုနိုင်တယ်။

            နအဖစစ်အုပ်စုအနေနဲ့ ဒီချုပ်ရဲ့ ဒီတောင်းဆိုချက်ကို ဘယ်လို့မှ တုံ့ပြန်အဖြေပေးမှာမဟုတ် သလို နအဖရဲ့ အမျိုးသားညီလာခံက ထွက်လာတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ဒီချုပ်ကလည်း ဘယ်လိုမှ အတည်ပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီဖွဲ့စည်းအုပ်ချုပ်ပုံက ပြဋ္ဌာန်းလိုက်တဲ့ ၂ဝ၁ဝ ရွေး ကောက်ပွဲကို ဒီချုပ်က ဝင်ရောက် ယှဉ်ပြိုင်မှာမဟုတ်ဘူးဆိုတာကို သိနိုင်ပါတယ်။

             ဒီချုပ်ဟာ မိမိတို့ကို ပြည်သူက အပ်နှင်းပေးလိုက်တဲ့ ၉ဝ ရွေးကောက်ပွဲရလဒ်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ပြီး နအဖကို ရင်ဆိုင်သွားမှသာ ပြည်သူ့အပေါ်မှာ သစ္စာစောင့်သိရာ ရောက်ပါလိမ့်မယ်။ ဒါဟာ တချိန်တည်းမှာ နအဖ စစ်အုပ်စုရဲ့ ရင်ဝကို ထိုးစိုက်ထားတဲ့ ဓားမြောင်နီတလက်လို ဖြစ်ဆဲ ဖြစ်နေပါတယ်။ ဒါကြောင့် နအဖဟာ ကမ္ဘာ့အလယ်မှာ အရှက်ရနေတဲ့ အစိုးရတရပ်ဖြစ်နေရတာပါ။ ဒါကြောင့် နအဖဟာ ဒီဓားမြှောင်နီကို နှုတ်ပစ်ချင် နေပါတယ်။ ဒီချုပ်အနေနဲ့သာ ဒီဓားမြှောင်နီကို မိမိလက်နဲ့ ဆွဲထုတ်မပစ်လိုက်မိဖို့ သတိရှိနေသင့်တာပါ။

            ဒါပေမဲ့ ဒီချုပ်က ဒီရွေးကောက်ပွဲကို အသိအမှတ်မပြု၊ ရွေးကောက်ပွဲမဝင်လည်း နအဖက တော့ သူ့လမ်းညွှန်မြေပုံအတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ။

            ဒီလို အခြေအနေအောက်မှာ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ဘယ်လို ပြင်ဆင်ရပ်တည် တိုက်ပွဲဝင်သွားကြမလဲ။

            ကျွန်တော်တို့ဟာ ပထမဆုံး မိမိတို့ အာဏာအပ်နှင်းပေးထားတဲ့ ဒီချုပ်နဲ့အတူ မုချရပ်တည် ကြရပါလိမ့်မယ်။ တချိန်တည်းမှာ ကျွန်တော်တို့ဟာ စစ်အုပ်စုကို ဆက်လက်တိုက်ပွဲဝင်သွားနိုင်ရေး ကို နည်းနာမျိုးစုံနဲ့ ရင်ဆိုင်သွားဖို့ စိုင်းပြင်းကြရပါလိမ့်ဦးမယ်။ ဒီအခါ ဒီချုပ်ရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦဝင်းတင်ပြောသလိုပဲ လူထုကြီးဟာ ထိုးဖောက်စဉ်းစား လုပ်ဆောင်သွား နိုင်တယ်လို့ ယုံကြည်ပါတယ်။

            ကျွန်တော်တို့ဟာ မိမိတို့ရင်ဆိုင်နေရတဲ့ နအဖစစ်အုပ်စုဟာ ခြေဆုံးခေါင်းဆုံး တကိုယ်လုံး လူသတ်လက်နက်တွေ တပ်ဆင်ထားတဲ့ လူသတ်သမား စစ်ဘီလူးဖြစ်တယ်ဆိုတာကိုတော့ ဦးဆုံး သတိထားကြရပါလိမ့်မယ်။

            ဒီလိုဆိုတော့ စစ်ဘီလူးကို အနိုင်မတိုက်နိုင်တော့ဘူးလား။ တိုက်နိုင်ပါတယ်။ ဗမာစကား ရှိပါတယ်။ “ပြည်တင်းရင် ဘယ်မင်းမှ မခံနိုင်ဘူး” လို့ ဆိုတယ်မဟုတ်လား။ ကျွန်တော်တို့ တပြည် လုံးက ပြည်သူတွေ တညီတညွတ်တည်း စစ်အုပ်စုကို ရင်ဆိုင်နိုင်လိုက်ရင် စစ်အုပ်စု ပြုတ်ပြုတ်ပြုန်း သွားမှာပါ။ ဒါကို နအဖစစ်အုပ်စုကလည်း သိပါတယ်။ ပြည်သူလူထုကြီးကိုလည်း အကြောက်ကြီး ကြောက်နေပါတယ်။

            ဒါကြောင့် သူတို့ကို ဆန့်ကျင်တိုက်ပွဲဝင်လာသူတွေကို ရက်ရက်စက်စက် ဖိနှိပ်လာနေတယ် မဟုတ်ပါလား။ ၂ဝဝ၇ သြဂုတ်လက လောင်စာဆီဈေးနှုန်းကျဆင်းရေး စီတန်းလှည့်လည် ဆန္ဒပြမှု ကြောင့် ကိုမင်းကိုနိုင် အပါအဝင် ၈ လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီး လိုက်တယ်။ သူတို့ကို အများကြားနာ ခွင့်မရှိတဲ့ ထောင်တွင်းတရားရုံးများမှာ မတရားစစ်ဆေး စီရင် ချက်ချမှတ်ခဲ့တယ်။ ယခုအထိ ၂ဝဝ၇ သြဂုတ်လနဲ့ စက်တင်ဘာ သံဃာ့အရေးအခင်းအပြီး ဖမ်းဆီးခဲ့ သူများအထဲမှ လူ ၁ဝဝ ကျော်ကို ထောင်တွင်း လျှို့ဝှက်ခုံရုံးများက ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခဲ့ တယ်။ ကိုမင်းကိုနိုင်အပါအဝင် ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုဇေယျာ၊ ကိုကျော်မင်း ယု၊ မနီလာသိန်း စတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၂၃ ယောက်လည်း ပါဝင်တယ်လို့ သိရတယ်။ ဒီလို ထောင်ဒဏ်ချလိုက်ရုံမက အလွန်ဝေးလံတဲ့ နယ်စပ်ထောင်များကို သူတို့တတွေကို ပို့ပစ်လိုက်ပါတယ်။

            ၂ဝဝ၇ သံဃာ့အရေးအခင်းကို ရှေ့ဆောင်ခဲ့တဲ့  သံဃာတော် အရှင်ဂန္ဘီရကို ယခုအခါ အလွန်ဝေးလံတဲ့ နယ်စပ်ထောင်ပို့လိုက်တယ်။ ထောင်ဒဏ် ၆၈ နှစ် ချလိုက်တယ်။

            ဗမာပြည် အနုပညာလောကမှာ ထင်ပေါ်ကျော်ကြားတဲ့ စွယ်စုံပညာရှင် ကိုဇာဂနာဟာ သံဃာ့အရေးအခင်းနဲ့ ၂ဝဝ၈ မေလ နာဂစ်မုန်တိုင်းခံပြည်သူများကို သွားရောက်ကူညီမှုတွေကို အကြောင်းပြုပြီး အစိုးရဂုဏ်သိက္ခာကို ထိခိုက်အောင်လုပ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ် ၅၉ နှစ် ချလိုက် တယ်။ ဝေးလံလှတဲ့ ဗမာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်ပို့လိုက်တယ်။

            မျိုးဆက်သစ်လူငယ် ကျောင်းသားခေါင်းဆောင် အသက် ၂ဝ ကျော်လောက်သာ ရှိသေးတဲ့ ကိုဘိုမင်းယုကိုတော့ ထောင်ဒဏ် ၁ဝ၄ နှစ် ချမှတ်ခဲ့ပါတယ်။

            ဒါတွေဟာ နအဖစစ်အုပ်စုက သူ့ကို ဆန့်ကျင်သူများကို မတရား ပြစ်ဒဏ်ပေးနေမှုတွေရဲ့ အကင်းသဘောလောက်ကို ဖော်ပြလိုက်တာပါ။

            စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်တိုက်ပွဲဝင်သူများကို မတရားပြစ်ဒဏ်ပေးရုံမက မိသားစုနဲ့ ဝေးအောင် လုပ်ပစ်လိုက်ပြီး စိတ်ဓာတ်ရေးရာအရ ချိုးနှိမ်ခဲ့ပါတယ်။ အခုအခါမှာ ထောင်ဝင်စာ တောင် ပေးမတွေ့ဘဲ စိတ်ဓာတ်ရေးအရပါ အစွမ်းကုန် ရက်စက်စွာနှိပ်ကွပ် လူ့အခွင့်အရေးကို ချိုး ဖောက်နေပါတယ်။ ဒီလိုနဲ့ သူတို့ကို ဆန့်ကျင်တိုက်ပွဲဝင်နေသူတွေကို ဆက်လက်တိုက်ပွဲမဝင်ရဲ အောင် လူမဆန်စွာ ရက်ရက်စက် နှိပ်ကွပ်ခြိမ်းခြောက်ပြနေပါတယ်။

            တချိန်တည်းမှာလည်း ဒီလိုမတရားမှုတွေကို ဆန့်ကျင်တိုက်ပွဲဝင်နေသူတွေဘက်က လိုက် ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေကိုတောင် မတရားဖမ်းဆီး ထောင်ချနေတယ်။

            စစ်အုပ်စုဟာ ဘယ်လောက် နှိပ်ကွပ်ခြိမ်းခြောက်ပြနေပါစေ၊ သမိုင်းအစဉ်အလာ ကြီးမား လှတဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ နောက်ဆုတ်မသွားပါဘူး။ သူတို့ လုပ်စရာရှိတာကို လုပ်မြဲလုပ် နေကြတာပါ။ စစ်အစိုးရက ဘယ်လိုပဲ နှိပ်ကွပ်နေပါစေ၊ သူတို့ပြောစရာရှိတာတွေကိုတော့ ပြည်ပ သတင်းမီဒီယာတွေကို အကုန်ထုတ်ဖော်ပြောရင်း စစ်အုပ်စုအပေါ် မကျေနပ်မှုတွေကို ထုတ်အံဖွင့်ပြ နေကြပါတယ်။  နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆုတောင်းပွဲလို လှုပ်ရှားမှုအသေး လေးတွေကို လုပ်မြဲလုပ်နေပါတယ်။ ဒါတွေဟာ လူထုအုံကြွမှုတွေအတွက် သွေးပူလေ့ကျင့်ခန်းတွေ ဖြစ်ပါလိမ့်မယ်။ ၂ဝဝ၇ သြဂုတ်၊ စက်တင်ဘာ အရေးတော်ပုံတွေ မပေါ်မီ ခုလိုပဲ ဆုတောင်းပွဲတွေ၊ အဖြူရောင်လှုပ်ရှားမှု၊ အဝါရောင်ဝတ်စုံများ ဝတ်ဆင်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ဖူးတယ်ဆိုတာ ကို သတိရစရာကောင်းပါတယ်။

           

(၃)

            မဆလစစ်အုပ်စုအောက်မှာ တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံး နိုင်ငံဘဝ ကျရောက် ခဲ့ရာကနေ အခု နအဖစစ်အုပ်စုလက်ထက်မှာ ဖွံ့ဖြိုးတိုးတက်မှုများ တုံ့ဆိုင်းကုန်ကာ ကမ္ဘာ့အဆင်းရဲ ဆုံး နိုင်ငံဘဝ ကျရောက်သွားခဲ့ရပါပြီ။ တချိန်တည်းမှာလည်း လူ့အခွင့်ရေးအချိုးဖောက်ဆုံး နိုင်ငံ ဘဝကို ကျရောက်နေပါပြီ။

            ပြည်သူလူထုဘဝဟာ ဒုက္ခပင်လယ်ဝေ ဆင်းရဲတွင်းနက်သထက် နက်နေရပါပြီ။

            စစ်အုပ်စုကတော့ ပြည်သူတွေဘဝ ဘယ်လို့ပဲ ဆင်းရဲတွင်းနက်နေပါစေ သူတို့အာဏာ တည်မြဲရေးဆို တာကလွဲလို့ ဘာကိုမှ ပြုပြင်ပြောင်းလွဲရေးလုပ်ဖို့ စိတ်ဝင်မစားပါဘူး။ မြစ်ဝကျွန်းပေါ် က နာဂစ်မုန်တိုင်းကြောင့် တတိုင်းပြည်လုံးက ပြည်သူတွေစိတ်သောက ရောက်နေချိန်မှာ လူ သောင်းချီ အသက်ဆုံးရှုံး၊ သန်းနဲ့ချီ အိုးအိမ်မဲ့ ဒုက္ခရောက်နေရမှုကို ဂရုမစိုက်အားဘဲ သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အတည်ပြုရေး မဲဆန္ဒပေးပွဲတွေကို လုပ်ကိုင်ဝံ့တယ်။

            အခုအခါ ဗြောင်ကျကျပဲ ကုလသမဂ္ဂက မုန်တိုင်းဒဏ်ခံ ပြည်သူတွေအတွက်ပေးတဲ့ အကူ အညီတွေ အပေါ်က အမြတ်ထုတ်ခဲ့တယ်။ တချို့ စာရင်းအင်းကျွမ်းကျင်သူတွေအဆိုအရ နအဖရဲ့ ငွေလဲနှုန်းကြောင့် စစ်အုပ်စုဟာ အမေရိကန်ဒေါ်လာ ၅ သန်းလောက် သပိတ်ဝင်အိတ်ဝင် ရသွား တယ်ဆိုတဲ့သတင်း ထွက်လာတယ်။ ကုလသမဂ္ဂက မုန်တိုင်းဒဏ်ခံ ပြည်သူတွေအတွက် အထောက် အကူပြုဖို့ ပေးပို့လိုက်တဲ့ မျိုးစပါး၊ မြေသြဇာ၊ ခိုင်းကျွဲနွား၊ ထွန်ထယ်ကရိယာ စတာတွေကိုလည်း စစ်အုပ်စုနဲ့ အမြီးစားဖက် ခေါင်းစားဖက်တွေက သိမ်းပိုက်အမြတ်ထုတ် သွားတယ်ဆိုတာလည်း ကြားရတယ်။ ဒါတွေဟာ စစ်အုပ်စုရဲ့ ဘယ်သူသေသေ ငတေမာရင် ပြီးတာပဲဆိုတာကို ဖော်ပြနေမှု တွေပါပဲ။

            ဒီလို မုန်းတိုင်းခံဒေသက ပြည်သူတွေသာမက တပြည်လုံးမှာလည်း စစ်အုပ်စုဝင်တွေရဲ့ လူမဆန်စွာ ပြုမူဆောင်ရွက်မှုတွေကို နေ့စဉ် ကြားနေသိနေရပါတယ်။ ဒေသခံ စစ်တပ်တွေက လယ်သမားတွေရဲ့ မြေယာတွေ အတင်းလုယူသိမ်းပိုက်နေတဲ့ သတင်းတွေ၊ အမတော်ကြေး ပေး ထားပြီး လယ်သမားတွေထံက အခုအခါ အတင်းပြန်တောင်းနေတဲ့ သတင်းတွေ၊ တယ်လီဖုန်းခ၊ မီတာခတွေ ကြိုကောက်တယ်ဆိုတဲ့ သတင်းမျိုးတွေ၊ မြေနုကျွန်းတွေပေါ်လာလို့ နအဖရဲ့ နောက် လိုက်တွေက အတင်းသိမ်းပိုက်နေမှု စတာတွေ၊ တခြား ကမ္ဘာ့နိုင်ငံတွေမှာ ကြိုက်သလို ဈေးချိုချို ဝယ်လို့ရတဲ့ လက်ကိုင်တယ်လီဖုန်းလို ခေတ်မီဆက်သွယ်ရေး ကိရိယာမျိုးကိုပဲ အသုံးချပြီး စစ်အုပ်စု ဝင်များရဲ့ သွေးစုပ်မှုကို ခံနေရတဲ့ သတင်းမျိုးတွေ ... စတဲ့ အနိဋ္ဌာရုံသတင်းတွေ။

            မြေအောက်သယံဇာတများ ပေါများကြွယ်ဝ၊ စိုက်ပျိုးမြေပေါများ၊ ရာသီဥတု သမမျှတပြီး တချိန်က အာရှစပါးကျီလို့ တင်စားအခေါ်ခံရတဲ့ အရှေ့တောင်အာရှမှာ ထိပ်တန်းအရောက်ဆုံး ဖြစ် ခဲ့တဲ့ ဗမာပြည်ဟာ စစ်အုပ်စုအဆက်ဆက် အုပ်စိုးမှုအောက်မှာ ထမင်းငတ်ရတဲ့ တိုင်းပြည်၊ အဆင်း ရဲဆုံး တိုင်းပြည် ဖြစ်သွားခဲ့ရပြီ။

            ဒီလိုအခြေအနေအောက်မှာ အခုဖြစ်ပေါ်နေတဲ့ ကမ္ဘာ့စီးပွားပျက်ကပ်ကလည်း ဗမာပြည်ကို ရိုက်ခတ်လာနေပြီမို့ ဗမာပြည်သူတွေဟာ နူရာဝဲစွဲ လဲရာသူခိုးထောင်းဘဝ ရောက်နေပါပြီ။

            ဗမာပြည်သူတွေဟာ သမိုင်းအစဉ်အလာ ကြီးမားတဲ့ ပြည်သူတွေ ဖြစ်ပါတယ်။ ကိုလိုနီ အုပ်စိုးမှုအောက် ၁၉၃ဝ ခုတဝိုက် လယ်သမားတွေ စပါးဈေးတွေကျ ဆင်းရဲတွင်းနက်ခဲ့ရတဲ့ ကာလ မှာ ဆရာစံ လယ်သမားသူပုန် ပေါ်ခဲ့တယ်။ ၁၉၃၈ ရေနံမြေအလုပ်သမားတွေဟာ သူတို့ဘဝ ဆင်းရဲ တွင်း နက်နေရမှုအတွက် ကိုလိုနီအစိုးရကို စိန်ခေါ်တိုက်ပွဲဝင်ခဲ့လို့ ၁၃ဝဝ ပြည့်အရေးတော်ပုံ ပေါ်ခဲ့ တယ်။ ဖက်ဆက်ဂျပန်ကို တော်လှန်တိုက်ပွဲဝင်ရဲလို့ ဖက်ဆစ်ကျွန်ဘဝက လွတ်မြောက်ခဲ့တယ်။ အင်္ဂလိပ်ကိုလိုနီကို ဆက်လက်တိုက်ပွဲဝင်ရဲလို့ ၁၉၄၈ လွတ်လပ်ရေး ရခဲ့တယ်။ မဆလစစ်အုပ်စု အောက်မှာ အထွေထွေအကျပ်အတည်း ကျော်နင်းဖို့ မဆလစစ်အုပ်စုကို စိန်ခေါ်တိုက်ပွဲဝင်ခဲ့တဲ့ ၁၉၈၈ - ရှစ်လေးလုံးအရေးတော်ပုံအလယ်၊ အခုနောက်ဆုံး ၂ဝဝ၇ သြဂုတ်လ စီတန်းလှည့်လည်ပွဲနဲ့ စက်တင်ဘာ သံဃာအရေးတော်ပုံစတာတွေ ... ဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို ဖော်ပြနေပါတယ်။

            အခု နအဖစစ်အုပ်စုဟာ သူ့အာဏာတည်မြဲရေးအတွက် ၂ဝ၁ဝ ရွေးကောက်ပွဲကို သူ့စိတ် ကြိုက် လုပ်ဖို့အတွက် စီမံစိုင်းပြင်းလာနေပါပြီ။ ဒီအတွက် ဘာကိုရင်ဆိုင်ရရင်ဆိုင်ရ နအဖဟာ ရင်ဆိုင်မှာပါ။ လက်တွေ့လည်း ၂ဝဝ၇ သြဂုတ်နဲ့ စက်တာဘာအရေးတော်ပုံများအပြီး ဖမ်းဆီးချုပ် နှောင်မှုများကြောင့် မူလက နိုင်ငံရေး အကျဉ်းသမား ၁၂ဝဝ လောက်ရှိနေရာကနေ ၂ဝဝဝ ကျော် အထိ ဖြစ်သွားခဲ့ပါပြီ။ နှစ်ရှည်ထောင်ဒဏ်တွေ စီရင်ချက်ချ၊ မိသားစုနဲ့ဝေးရာ၊ ရာသီဥတုဆိုးဝါးလှတဲ့ ထောင်တွေကိုပို့ပြီး အကျဉ်းသားတွေရဲ့ မိသားစုတွေပါ နှိပ်ကွပ်ပြနေပါပြီ။

            အရုဏ်မလာမီ အမှောင်ထုဟာ သိပ်သည်းမြဲပါပဲ။ ဒီအမှောင်ထုကို ရောင်နီက ဖြိုခွင်းအနိုင် ယူနိုင်တော့ မိုးသောက်ကျင်းပြီး အလင်းဆောင်လာရစမြဲပါ။

            အခုလည်း အမှောင်ဟာ သိပ်သည်းလှပေမယ့် ရောင်နီပျိုးလာနေပါပြီ။ ၂ဝဝ၈ နိုဝင်ဘာက အထည်ချုပ်စက်ရုံမှာ အလုပ်ချိန်ရှည်ကြာခြင်းနဲ့ လုပ်ခလစာ နည်းပါးမှုကြောင့် အလုပ်သမားထု သပိတ်တိုက်ပွဲတခု ပေါ်ခဲ့တယ်။ စစ်တွေတက္ကသိုလ်ကျောင်းသားများ ဓာတ်ဆီအလုံအလောက် မပေးမှုနဲ့ ကျောင်းကားများ အခက်ကြုံနေမှုကြောင့် စီတန်းလှည့်လှည်ဆန္ဒပြမှု၊ ဒီချုပ်လူငယ်တွေရဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး ပိုစတာကိုင် တိုက်ပွဲဝင်မှု၊ ကချင်ပြည်နယ် မနောပွဲမှာ စစ်အုပ်စုရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ကန့်ကွက်တဲ့ ပိုစတာတိုက်ပွဲများ ... စတာတွေဟာ အမှောင်ထုကို ဖြိုခွဲရေးအတွက် ရောင်နီပျိုးလာနေမှုတွေပါပဲ။

            ကျွန်တော်တို့ဟာ ဥစ္စာရင်လို ဥစ္စာရင်ခဲပါပဲ။ ဘယ်သူ့ကိုယ်မှ အားကိုးနေလို့ရမှာ မဟုတ်ပါ ဘူး။ ကိုယ်လိုချင်တဲ့ ဒီမိုကရေစီကို ကိုယ်တိုင်တိုက်ပွဲဝင်ကြမှ ရပါလိမ့်မယ်။

            လူထုဟာ သမိုင်းဖန်တီးသူ ဖြစ်ပါတယ်။ ပြည်တင်းရင် ဘယ်မင်းမှ မခံနိုင်ပါဘူး။ ဒီစိတ် ဓာတ်ကို ဆုပ်ကိုင်ပြီး လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ပွဲရင်း စစ်အုပ်စု ပြုတ်ပြုတ် ပြုန်းအောင် တိုက်ပွဲဝင်သွားရေးကို ပြင်ဆင်သွားသင့်ပါတယ်။

            အရေအတွက်ကနေ အရည်အချင်းသို့ ပြောင်းလဲသွားတတ်ပါတယ်။ ဒါဟာ သဘာဝတရား ပါ။ ဘယ်သူမှ တားဆီးလို့မရပါဘူး။ အထက်မှာ ဖော်ပြခဲ့တဲ့ ရောင်နီပျိုးတိုက်ပွဲတွေဟာ အရေအ တွက်များလာရင် စစ်အုပ်စုဖိနှိပ်မှုဆိုတဲ့ အမှောင်ထုကို ဖြိုခွင်းပစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ရောင်နီ ပျိုးရေးအတွက် နည်းသဏ္ဌာန်မျိုးစုံနဲ့ စီမံစိုင်းပြင်း အားထုတ်လုံးပန်းသွားကြပါစို့။          ။

*****

ကျော်ဆွေ  
ဇန်နဝါရီ ၂၆၊ ၂၀၀၉။   

 

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.