မှိုနှင့်မျှစ်ကို နှုတ်ချင်ရင် ကျင်တုတ် ခံဝံ့ မခံဝံ့
(၁)
၂ဝ၁ဝ ထဲရောက်ပြီ။
နအဖ စစ်အုပ်စုဟာ ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီ (၉)ရက်နေ့ကတည်းက ကြေညာချက်အမှတ် (၂/၂ဝဝ၈) ကို ထုတ်ပြန်ပြီး ၂ဝ၁ဝ ခုနှစ် မှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမယ်ဖြစ်ကြောင်း အတိအလင်း စတင်ပြောဆိုခဲ့ပါတယ်။
ဒီစကားအရဆိုရင် …
ဒီအချိန်လောက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေတို့၊ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥပဒေတို့ ထွက်ပြီးဖြစ်သင့်နေပြီဆိုတာ လူတိုင်း ဘယ်သူမဆို တွက်ဆမိကြမှာပါ။
ခု ဒီဥပဒေတွေ ထွက်ပြီလား …
လုံးလုံးမထွက်သေးပါဘူး။
ဘာကြောင့်လဲ။
စစ်အစိုးရရဲ့ ခြေလှမ်းတွေ နှေးကွေးတုန့်ဆိုင်းနေအောင် ဘယ်အချက်တွေက နှောင်တည်းထား ပါသလဲ။
အကွက်စေ့အောင် အပေါ်စီးကရအောင် အမြဲအကွက်ချပြီး ပြင်ဆင်လုပ်ကိုင်လေ့ရှိတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ဒီတခါ တာထွက် ဘာကြောင့် ဒီလောက်နှေးနေတာပါလဲ။
ဘာကြောင့် ဒီလောက် ကြန့်ကြာနေတာလဲဆိုတာ အကြောင်းရင်း ရှာကြည့်မိတော့ ဒီလို စဉ်းစားမိတယ်။
ဖြစ်နိုင်တဲ့ အကြောင်းတချက်က …
အတိုက်အခံ အင်အားစုတွေကို လှုပ်ရှားချိန်၊ ပြင်ဆင်ချိန် နည်းနိုင်သမျှနည်းအောင်၊ အလစ်အငိုက်မှာ လျှပ်တပြက်တိုက်ခိုက်နိုင်အောင် “အချိန်မပေးတဲ့ နည်းဗျူဟာ” ကျင့်သုံးနေတာ ဖြစ်နိုင်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန္ဒခံယူပွဲလုပ်ခဲ့စဉ်က အကွက်မျိုးပါ။
ဆန္ဒခံယူပွဲလုပ်မယ်ဆိုတဲ့ ကြေညာချက်ကို ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီ (၉) ရက်နေ့မှာမှ ကပ်ပြီး ထုတ်ပြန်၊
၂ဝဝ၈ ခုနှစ် မေလ (၁၀) ရက်နေ့မှာ ထိုးစစ်ဆင်သလို ဆန္ဒခံယူပွဲပြုလုပ် ဆိုတဲ့ အကွက်မျိုး။
ပြင်ဆင်ချိန်၊ စည်းရုံးချိန်၊ လူထုကို ချပြချိန်၊ လူထုရဲ့ သိမြင်နားလည်မှု ရေချိန်ကို မြှင့်တင်ပေးချိန်၊ စစ်အုပ်စုနဲ့ စစ်အုပ်စုရဲ့ လက်ကိုင်တုတ် အဖွဲ့အစည်းတွေရဲ့ ဗိုလ်ကျစော်ကား မလျှော်သြဇာ သုံးတာမျိုးကို ကာကွယ်နိုင်အောင်၊ တားဆီးနိုင်အောင်၊ ဖော်ထုတ်ဖွင့်ချနိုင်အောင်၊ ဖြစ်နိုင်တဲ့ နေရာတိုင်းမှာ တိုက်ပွဲအဆင့်အထိ မြှင့်တင်နိုင်အောင် ကိုယ့်တပ်ကိုယ် ပြင်ဆင်ချိန် စသဖြင့် ဘာဆိုဘာမှ မပြင်ဆင်နိုင်အောင် “ရန်သူကို အချိန်မပေးရေးဗျူဟာ” ခင်းနိုင်ဖို့ ပရိယာယ်ကြွယ်နေတာ ဖြစ်နိုင်ပါတယ်။
ဒါက အကြောင်းတခုပါ။ နောက် အကြောင်းတခုကတော့ …
စစ်အုပ်စုကိုယ်တိုင် အဆင်သင့် မဖြစ်သေးတာ၊
အပေါ်စီး(Upper Hand)က ရအောင်၊ နောက်ကျောလုံအောင်၊ အတိုက်အခံဟူသမျှ မလှန်နိုင်အောင်၊ အရာရာ မီးသေနေအောင် လုပ်ဖို့ ကိစ္စတွေမှာ မပြီးပြတ်သေးတာ၊ ထင်တိုင်းကြဲလို့ မရနိုင်အောင် ဖြစ်နေသေးတာ၊ ဇာတ်တိုက်လို့ အကွက်ချလို့ကို စိတ်တိုင်းမကျနိုင်သေးတာ ဆိုတဲ့ “အဆင်သင့် မဖြစ်သေးခြင်းများစွာ” ကြောင့် ဖြစ်နိုင်ပါတယ်။
(၂)
နအဖ စစ်အုပ်စုလို တဘို့တည်းသမားတယောက်အဖို့၊ အတ္တကလည်း ကြီး၊ အာဏာကလည်း ရူး၊ လောဘကလည်း အတောမသတ်နိုင်တဲ့ လူ့အန္ဓလို ပုဂ္ဂိုလ်မျိုးအဖို့တော့ ခေါင်းခဲစရာ ပြဿနာတွေက စက္ကန့်နှင့်အမျှ နေရာတိုင်းမှာ ရှိနေမှာ ပေါ်နေမှာ မုချဖြစ်ပါတယ်။
အဲဒီလို ပြဿနာတွေတသီတတန်းကြောင့် ရှေ့မတိုးနိုင် ရှေ့မတက်ရဲ ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။
စစ်အုပ်စုရင်ဆိုင်နေရတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ထဲက အရေးကြီးဆုံးပြဿနာ (၂) ခုကို ကျနော် ထောက်ပြချင်ပါတယ်။
ကျနော်တို့ဘက်ကလည်း ဒီအပေါ်မှာ ကာစရာရှိတာ ကာနိုင်အောင်၊ သတိထားစရာရှိတာ ထားနိုင်အောင် သတိပေးချင်၊ အကြံပြုချင်လို့လည်း ဖြစ်ပါတယ်။
နအဖ စစ်အုပ်စုရဲ့ခေါင်းကို တဆစ်ဆစ် ကိုက်နေအောင်၊ တဒိန်းဒိန်း ခဲနေအောင် ဖြစ်နေတဲ့ ပြဿနာ (၂) ရပ်ကတော့ …
(၁) NLD ကို ဘယ်လိုကိုင်မလဲ ဆိုတဲ့ ပြဿနာနှင့်
(၂) အပစ်ရပ်အင်အားစုတွေကို ဘယ်လိုကိုင်မလဲဆိုတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။
(၁) NLD ကို ဘယ်လိုကိုင်မလဲ
NLD က ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် ပိုင်ရှင်ဖြစ်နေတယ်။
NLD မှာ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးရှိနေတယ်။
NLD မှာ ရွှေဂုံတိုင် ကြေညာစာတမ်းနှင့် ရွှေဂုံတိုင် ဆုံးဖြတ်ချက်တွေ ရှိနေတယ်။
NLD ဟာ ဒီနေ့ထိ ရွှေဂုံတိုင်ကြေညာချက်အပေါ် ခိုင်ခိုင်မာမာ ရပ်ခံနေတယ်။
နအဖ စစ်အုပ်စုဟာ ၉ဝ ရလဒ်ကို ကြောက်တယ်၊ ဒီနေ့အထိ ဘယ်လို ဖြေရှင်းရမှန်းမသိဘူး၊ သူ့ဖြေရှင်းနည်းဖြစ်တဲ့ “လုံးဝ အသိအမှတ်မပြုရေး”နည်းကတော့ လူတောတိုးတဲ့၊ ပွဲလယ်တင့်တဲ့ ဖြေရှင်းနည်းမဟုတ်ဘူး။ ဒီအကြံယုတ်ကို စွဲကိုင်ထားလေလေ လူပုံအလယ်မှာ လူညစ်ပတ်ကြီး ဖြစ်လေလေဆိုတာ သူကိုယ်တိုင် ဝန်မခံသေးပေမယ့် လက်တွေ့က ငြင်းမရတော့ဘူး။
စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတခွန်းဟာ သူ အခွန်းတရာ တထောင် ပြောနေတာထက် အဆတရာ တထောင် ခရီးရောက်တယ်ဆိုတာ သူသိတယ်။ မသိချင်ပေမယ်လို့ မသိလို့မရအောင် သိနေရပြီ။
လူထုနဲ့ ဒေါ်စု မတွေ့ရအောင်၊ မတွေ့နိုင်အောင် အဆက်အသွယ် ဖြတ်တောက်မှုကို နည်းမျိုးစုံနှင့် လုပ်နေရတာလည်း နာမည် ပျက်လှပြီ။ ရုပ်လည်း ဆိုးလှပြီ။
စစ်အုပ်စုဟာ ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့ ရွှေဂုံတိုင်ကြေညာချက်ကို ကြောက်တယ်။ လိုက်လျောဖို့နေနေသာသာ ဖြစ်နိုင်ရင် ကြားတောင် မကြားချင်ဘူး။ သူ့အတွက် နားအခါးဆုံး ကြေညာချက်ပဲ။
- နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ အမြန်လွှတ်
- ၉ဝ ရလဒ်ကို တနည်းနည်းနှင့် အသိအမှတ်ပြု
- ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်
- တွေ့ဆုံဆွေးနွေးပြီး အဖြေရှာ
ဒီ (၄)ချက်လောက် လက်တွေ့ကျတာ ဘယ်မှာရှိတော့လိုလဲ။
ယနေ့ ကြုံတွေ့နေရတဲ့ ပြဿနာအရပ်ရပ် ဒီ (၄) ချက်နှင့်သာရှင်း အရာရာပြေလည် ကျော်လွှားသွားလိမ့်မယ်။
လူတိုင်း ဒီလိုပဲ နားလည်တယ်။
လူတိုင်း ဒီလိုပဲ ယုံကြည်တယ်။
မယုံတာဆိုလို့ နအဖ စစ်အုပ်စု တစုပဲ ရှိတယ်။
နားမလည်ချင်ယောင်ဆောင်ပြီး သွက်သွက်ခါအောင် ငြင်းနေတာဆိုလို့ နအဖ စစ်အုပ်စု တစုပဲ ရှိတယ်။
အဲတော့ ဒါကို NLD က အခိုင်အမာ ကိုင်စွဲထားသမျှ စစ်အုပ်စုဟာ ခြေမန်းကွင်း အစွပ်ခံထားရတဲ့လူလို ထင်ရာစိုင်းဖို့ တော်တော့်ကို ခက်သွားတယ်။
ဘာကိုမှ မပြင်ဘူး
ဘာကိုမှ လုပ်မပေးဘူး
ဘာကိုမှ လွှတ်မပေးဘူး
ဘာကိုမှ မဆွေးနွေးဘူးလို့ ဘယ်လိုပဲ သွေးရူးသွေးတမ်းတွေ ပြောဆိုနေနေ အသက်ရှုရခက်အောင် ဘေးကြပ်နံကြပ်ဖြစ်နေတာတော့ အတိအကျပဲ၊ ‘အဝေးကပင် မြင်နိုင်ပါသည်’လို့ လူတိုင်း သိနေကြပါတယ်။ (ကျနော် ပိုပြောတာ လုံးလုံးမဟုတ်ပါဘူး။)
(၃)
နောက်တခုက အပစ်ရပ်အင်အားစုတွေကို ဘယ်လိုကိုင်မလဲဆိုတဲ့ ပြဿနာ။
ဒီမှာ ကျနော် မေးကြည့်ပါရစေ။
ပြည်ထောင်စုသားတွေ စုပေါင်းပြီး အေးအတူပူအမျှနေထိုင်ကြဖို့ ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးဆိုတဲ့ဆန္ဒ စစ်အုပ်စုမှာ ဘယ်နှစ်ရာခိုင်နှုန်း ရှိမလဲ။
ကျနော့်အမြင် …
ဘယ်နှစ်ရာနှုန်းမှ မရှိဘူးလို့ မြင်တယ်။
ဘာကြောင့် ဒီလိုပြောနိုင်သလဲ။
နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒ (၂ဝဝ၈) မှာ ဒီအချက်တွေကို ဘယ်နေရာမှာမှ ဖော်ပြထားတာမတွေ့ရလို့ပဲ။
ဘာကြောင့် မတွေ့ရတာလဲ။
အမျိုးသားညီလာခံတုန်းက ဒီအချက်တွေ စနစ်တကျ ထည့်သွင်းသင့်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေက အကြိမ်ကြိမ် တင်ပြခဲ့ကြတာကို မှတ်တမ်းတင်ရုံတင်ပြီး ဘေးချိတ်မျက်ကွယ်ပြုခဲ့တာတွေကြောင့် သူ့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စိတ်ချယုံကြည်ချင်စရာ ဘာဆိုဘာမှ ပါမလာတော့ဘူး။
“ချစ်ကြည်ရေး သွေးစည်းရေးဆိုတာ တန်းတူရေးကို အပြည့်အဝ အာမခံနိုင်မှ တည်ဆောက်လို့ ရတယ်”ဆိုတာ တရားအရလည်း လက်ခံယုံကြည်ရမှာဖြစ်သလို လက်တွေ့ဘဝမှာလည်း လက်တွေ့ကျကျ အနှစ်သာရရှိရှိ အကောင်အထည်ဖော်ကြရမှာ ဖြစ်ပါတယ်။
ဒါကို အသိအမှတ်မပြုသေးသရွေ့ …
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အသိအမှတ်မပြုသေးသရွေ့ တိုင်းရင်းသား ညီအကိုမောင်နှမတွေရဲ့ အရေးကို ဘယ်လိုဖြေရှင်းမလဲ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဘယ်လို တည်ဆောက်နိုင်မှာလဲ။
ဖြူစင်ဖြောင့်စင်းတဲ့ စေတနာအပြည့်နှင့် အကောင်အထည် ဖော်ကြရင်တောင် …
နှစ်ပေါင်းများစွာ ပြိုကွဲခဲ့ရတဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးကို (အမျိုးသားပြန်လည်သင့်မြတ်ရေးကို)
နှစ်ပေါင်းများစွာ ပြန်လည်တည်ဆောက်ကြရမှာဖြစ်ပါတယ်။
နအဖ စစ်အုပ်စုလို သဘောထားမမှန်မကန် တဖက်သတ်ချဉ်းကပ်မှုမျိုးနှင့်တော့ တပ်တည်ရှိရေး၊ ပါတီတည်ရှိရေးတွေကို စိန်ခေါ်မိရက်သားချည်း ဖြစ်နေမှာ သေချာပါတယ်။
နအဖ စစ်အုပ်စုအနေနှင့် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကို ‘နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး’ ဆိုတာကြီး ဇွတ် ဘယ်လိုပဲ လုပ်ချင် လုပ်ချင် အလွယ်တကူဖြစ်သွားဖို့ဆိုတာ စိတ်ကူးမယဉ်ကောင်းသောအရာ ဖြစ်လိမ့်မယ်။
နအဖ စစ်အုပ်စုဟာ စိန်ခေါ်ပြီး ဖြစ်ချင်ရာဖြစ် ဓာတ်ကြမ်းကိုင်ရင်လည်း အားချင်းညီတဲ့ တန်ပြန်စိန်ခေါ်မှုတွေနဲ့သာ မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ ဦးနှောက်ရှိသူတိုင်း ခန့်မှန်းနိုင်ကြပါတယ်။
(၄)
ဒါဆို နအဖ စစ်အုပ်စု ဘာလုပ်မလဲ။
“တဖက်က ဒီလောက် ရပ်ခံချက်ကောင်းနေရင် ငါ့ဘက်ကလည်း ညှိယူရမှာပေါ့” လို့ စိတ်ထားပြောင်းနိုင်မလား။
ဝေးသေးတယ်။
နအဖ စစ်အုပ်စု အဲဒီလောက် အမြော်အမြင်ရှိရင် တိုင်းပြည်ဒီလောက် ငါးပါးအမှောက်မခံပါဘူး။
ကျနော့်အမြင် နအဖစစ်အုပ်စုဘက်က လုံးလုံးညှိမှာ မဟုတ်ဘူး။
‘မညှိလို့ကတော့ သေရုံမှတပါး ရွေးစရာမရှိ’ ဆိုတဲ့ အနေအထားမျိုး မကြုံသေးသရွေ့ နအဖ စစ်အုပ်စုဆီက စိတ်ကောင်း စေတနာကောင်းကို မမျှော်လင့်နှင့်တော့။
ဒါဆို သူဘာတွေ လုပ်လာနိုင်သလဲ။
ကြိမ်းသေပေါက်လုပ်မယ့်အလုပ်တွေက …
NLD ကို ထိုးခွဲမယ်။
NLD ကို ရောဂါမျိုးစုံ ဝင်အောင်သွင်းပြီး ထိုးခွဲမယ်။
NLD ထဲမှာ ဟိုအတွေးအခေါ် ဒီအတွေးအခေါ်၊ ဟိုဂိုဏ်း ဒီဂိုဏ်း၊ ဟိုအုပ်စု ဒီအုပ်စု စတဲ့ ရောဂါမျိုးစုံ သွင်းပြီး ထိုးခွဲမယ်။
NLD ကို ပြိုအောင် ဖြိုမယ်။
အနည်းဆုံး အတွေးအခေါ်တွေ ရှုပ်ထွေးဝေဝါးပြီး အလုပ်တွေ ရှေ့မတိုးအောင်၊ ဖြစ်နိုင်ရင် Paralyse ဖြစ်ပြီး မလှုပ်နိုင် မရှားနိုင်ဖြစ်အောင် အရိုးပျော့ အဖျားခွေ ဖြစ်သွားအောင် လုပ်ပစ်လိမ့်မယ်။
ဒီလိုအနေအထားမှာ NLD မှာ စိန်ခေါ်ချက်တွေ မုချကြီးလိမ့်မယ်။
စစ်မြေပြင်မှာ တပ်ဦးမှာ အဆုံးအဖြတ်အခန်းမှာ ရှိတဲ့ ဘယ်ခေါင်းဆောင်မှုမှာမဆို မိုးထဲရေထဲ စိန်ခေါ်ချက်တွေ ကြီးစမြဲပဲ။ ဒါတွေကို ဘယ်သူမှ ရှောင်လွှဲလို့မရဘူး။ နည်းမှန်လမ်းမှန်နှင့် ဖြေရှင်းနိုင်ရေးအတွက် သတ္တိမွေးကြ၊ ပြင်ဆင်ကြရမှာပဲဖြစ်ပါတယ်။
အဲဒါတွေကို စနစ်တကျ ဖြေရှင်းနိုင်တာ၊ စနစ်တကျ ကျော်လွှားနိုင်တာ၊ စိန်ခေါ်ချက်တွေကို အင်အားအဖြစ် ပြောင်းလဲပစ်နိုင်တာတွေဟာ ပါတီတရပ်၊ အဖွဲ့အစည်းတခု၊ ခေါင်းဆောင်မှုတရပ်ရဲ့ သံခဲတင်မယ့် အရည်အချင်းတွေ ဖြစ်ပါတယ်။
မှိုနှင့်မျှစ်ကိုမှ နှုတ်ချင်ရင် ကျင်တုတ်တော့ ခံဝံ့ကြရမှာပါ။
ဒီနည်းနှင်နှင်ပဲ NLD ကို လုပ်သလိုမျိုး အပစ်ရပ်အင်အားစုတွေကိုလည်း မုချလုပ်လိမ့်မယ်။
ဒီနေ့မလုပ်သေးရင် မနက်ဖြန် လုပ်လိမ့်မယ်။ ဒီအဖွဲ့ကို မလုပ်သေးရင် ဟိုအဖွဲ့ကိုလုပ်လိမ့်မယ်။
နှစ်ကောင်ကျွေးပြီး ကင်းဝင်သွားတဲ့ အကွက်တွေကို နအဖ စစ်အုပ်စု ကစားခဲ့တာ အံခွနေလောက်ပြီ။
ဒီလိုဖြစ်ရပ်မျိုးတွေ၊ ဒီလိုညစ်ပတ်မှုမျိုးတွေကို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ ဘဝနှင့်ရင်းပြီး သိခဲ့ကြပြီးပါပြီ။
(၅)
ဒါဆို ကျနော်တို့တာဝန်က ဘာလဲ။
နအဖ စစ်အုပ်စု ခေါင်းခဲနေတဲ့ အကွက်ကိုလည်း သိပြီ။
နအဖ စစ်အုပ်စု လုပ်ဆောင်လာမယ့် ဉာဏ်နီဉာဏ်နက်တွေကိုလည်း သိပြီ။
ကျနော်တို့ ဘာလုပ်ကြမလဲ။
ကျနော်တို့ ဒါတွေကို မုချ လုပ်ကြရပါလိမ့်မယ်။
ကိုယ့်အားကောင်းချက်တွေကို မြဲမြဲဆုပ်ကိုင်။
ကိုယ့်အားနည်းချက်တွေကို ရဲရဲ ပြုပြင်။
စစ်အုပ်စုရဲ့ တဆင့်တိုးလာမယ့် ထိုးစစ်မှန်သမျှအတွက် လူထုအားနှင့် ခုခံကာကွယ်။
ကိုယ့်တပ်၊ ကိုယ့်အင်အားကို အစွမ်းရှိသမျှ တိုးမြှင့်တည်ဆောက်။
စစ်အုပ်စုရဲ့ မာယာ၊ ကြော့ကွင်းနှင့် အခြောက်အခြားတွေကို သတိနှင့် ရှောင်ရှားကျော်ဖြတ်။
အင်အားစုတွေကြား ညီညွတ်ရေးကို မျက်လုံးအိမ်သဖွယ် ထိန်းသိမ်းစောင့်ရှောက်။
လုပ်နိုင်ကိုင်နိုင်စွမ်းတွေကို အဆ တရာတထောင်မက အစွမ်းကုန် အရှိန်မြှင့်တင်။
ဒေါ်အောင်ဆန်းစုကြည် ထောက်ပြထားသလို အကောင်းဆုံးကို မျှော်လင့်ရင်း အဆိုးဆုံးအတွက် ပြင်ဆင်ထားကြရင် …
NLD သည်လည်းကောင်း၊ အပစ်ရပ် တော်လှန်ရေးအင်အားစုများသည်လည်းကောင်း လူထုအားကို အရယူနိုင်ရင် …
ဘယ်လောက်ပင် ကြမ်းထမ်း ကြမ်းထမ်း မတုန်လှုပ်ကြေး နောက်မတွန့်ကြေး လူထုနှင့်အတူ ချီတက်တိုက်ပွဲဆင်နိုင်ရင် …
ကျနော်တို့ အင်အားစုတွေ မလုပ်နိုင်တဲ့အရာ၊ ကျနော်တို့ ပြည်သူတွေ မစွမ်းဆောင်နိုင်တဲ့အရာ ဒီကမ္ဘာမှာ ဘာများ ရှိနိုင်သေးလို့လဲ။ ။
x x x x x
ဇွန်မှိုင်း
(၂ဝ-၁-၂ဝ၁ဝ)










Leave a Reply